မင်းဘူး ဇွန် ၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင်၂၀၂၁ ခုနှစ် မိုးသီ စိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့နံနက်ပိုင်းက မဒေါက်အုပ်စုတွင်တောင်သူ (၃၂) ဦးနှင့် နှမ်းသီးနှံစိုက်ဧက (၁၆၀)ဧက စုစုပေါင်း ကျပ် (၁၆၀) သိန်းကို ထုတ်ချေးပြီး သွားပြီဖြစ်ကြောင်း မင်းဘူးမြို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
မင်းဘူးခရိုင်မြန်မာ့စီးပွားရေးဘဏ်ခွဲအနေဖြင့် ၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို ယခင်နှစ် ၂၀၂၀ မိုးချေးငွေ ကျေစွာ ပေးဆပ်ပြီးသူ တောင်သူဦးကြီးများသို့ ဦးစွာထုတ်ချေး ပေးလျက်ရှိပြီး ချေးငွေများ ထုတ်ချေးပေးနေစဉ် ကာလအတွင်း လာရောက်ပေးဆပ်သူ တောင်သူဦးကြီးများကိုလည်း ချေးငွေများပေးဆပ်မှုကို လက်ခံ၍ ဆက်လက်ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် တာဝန်ရှိသူထံမှ သိရသည်။
၂၀၂၁ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရန် လျာထားချက်ရှိသည်မှာ မိုးသီး နှံစပါး တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀၊ နှုန်းနှင့် အခြားသီးနှံ တစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀၊ နှုန်းဖြင့် ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း၊ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေထုတ် ချေးပေးရန် ကျန်ရှိနေသေးသည့် ကျေးရွာများမှ တောင်သူများကိုလည်း သတ်မှတ်ကာလအတွင်း ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)