စစ်တွေ ဇွန် ၄
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဝန်ထမ်းများအနေဖြင့် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတရရှိစေရေး၊ တစ်ဦးနှင့် တစ်ဦးအမြင်ချင်းဖလှယ်ပြီး ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရေးနင့် စာဖတ် စွမ်းရည်မြှင့်မားစေရေး ရည်ရွယ်ပြီး ဝန်ထမ်းများစာဖတ်ဝိုင်းကို ယနေ့ နံနက်(၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်တွေခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ကိုဝင်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရယ်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး နိုင်ငံ့ဝန်ထမ်းနည်းဥပဒေစာအုပ် အခန်း(၁၄)ပါ ဝန်ထမ်းစည်းကမ်းထိန်းသိမ်း ရေးဆိုင်ရာ အခြေခံမူများ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ပတ်သက်၍ ဝန်ထမ်းများသိရှိနားလည် သဘောပေါက်စေရေးနှင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းမှ ရရှိသည့် ဗဟုသုတအတွေ့အကြုံများကို မိမိတို့လုပ်ငန်းနယ်ပယ်အတွင်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အကျိုးရှိစွာအသုံးချတတ်စေရေးအတွက် အကျယ်တဝင့်ရှင်းလင်း ဆွေးနွေးခဲ့သည်။
ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြရာ ပြည်နယ်ဦးစီးမှူးက မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခဲ့သည်။ ထိုသို့ စာဖတ်ဝိုင်းများပြလုပ်ခြင်းဖြင့် ဝန်ထမ်းများအတွက် စာဖတ်သည့် အလေ့အထကိုရရှိစေပြီး တစ်ဦးနှင့်တစ်ဦး စာပေဗဟုသုတများကို အမြင်ချင်းဖလှယ်ပြီး အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေခြင်း၊ ဝန်ထမ်းကျင့်ဝတ် စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်စေခြင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင်မြင်မှုများရရှိပြီး လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မြှင့်မားလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိစေရေး ရည်ရွယ်ပြီး ကျင်းပပြုလုပ် လျက်ရှိကြောင်း သိရသည်။
အောင်စံထွန်း