ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊အရာခံနှင့်အကြပ်စစ်သည်များ၊မိသားစုဝင်များအား ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လွှဲပြောင်းပေးအပ်

ဟိုင်းကြီးကျွန်း  ဇွန်  ၄

ပမ္မဝတီရေတပ်စခန်းဌာနချုပ်နှင့် လက်အောက်ခံ တပ်/စခန်း/ရေယာဉ်များမှ အရာရှိ၊ အရာခံနှင့် အကြပ်စစ်သည်များ၊ မိသားစုဝင်များအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကို မေလက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ယနေ့ နံနက် ၁၁ နာရီက ပမ္မဝတီရေတပ်စခန်း ဌာနချုပ် အစည်းအဝေးခန်းမ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမောင်မောင်လွင်က ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်မှုကောင်စီဥက္ကဋ္ဌ ဦးကျော်သူက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း (၉၆) ကတ်အား လွှဲပြောင်းပေးအပ်ခဲ့ပြီးပမ္မဝတီရေတပ်စခန်း ဌာနချုပ်၊  ခေတ္တဌာနချုပ်မှူး ဗိုလ်မှူးကြီး တက်လွင်ထွန်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

ယင်းနောက် ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊  ခေတ္တဌာနချုပ်မှူး ဗိုလ်မှူးကြီးတက်လွင်ထွန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ ကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လွှဲပြောင်းပေးအပ်ပွဲသို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ခေတ္တဌာနချုပ်မှူးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ အရာခံများ၊ အကြပ်စစ်သည်များ၊ မိသားစုဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်မှုကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လွှမ်းသီဟ (ပြန်/ဆက်)