ချောင်းဦး ဇွန် ၄
စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးတင်သန်းဝင်းနှင့်အဖွဲ့သည် ယနေ့နံနက် ၉ နာရီ အချိန်က ချောင်းဦးမြို့ အစိုးရနည်းပညာ အထက်တန်းကျောင်းသို့ ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ဝင်းအောင်၊ အစိုးရနည်းပညာ အထက်တန်းကျောင်းအုပ် ဆရာမကြီးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက ကြိုဆိုခဲ့သည်။
အစိုးရနည်းပညာ ကျောင်းဝင်းအတွင်း ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် ရန်ပုံငွေဖြင့် တည်ဆောက်နေသည့် ၂ ထပ်စာသင်ဆောင်၊ ကျောင်းသားဆောင်၊ ကျောင်းသူ ဆောင်၊ အလုပ်ရုံ၊ စာကြည့်တိုက်၊ ကွန်ကရစ်လမ်း၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းခွင် ပြီးစီးနေမှုကို ကြည့်ရှုခဲ့ပြီး ဆောက်လုပ်နေသည့် ကုမ္မဏီတာဝန်ခံများနှင့် တွေ့ဆုံကာ အဆောက်အဦ၏ အရည်အသွေးကို စစ်ဆေးခဲ့သည်။ လုပ်ငန်းတာဝန်ခံများမှလည်း မိမိတို့တာဝန်ယူ ဆောက်လုပ် နေသည့် အဆောက်အဦ လုပ်ငန်းခွင်များကိုပြသပြီး ရှင်းလင်းဆွေးနွေးခဲ့သည်။ တာဝန်ခံများအား အလုပ်အပ်စဉ် စာချုပ်ပါအရည်အသွေး ပြည့်မီစွာဆောက်လုပ်ကြရန်နှင့် အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်၊ နေ့စဉ်လုပ်ကိုင်နေသည့် လုပ်ငန်းခွင်အတွင်း ပြီးစီးမှုများအား မှတ်တမ်းထားရှိရန် မှာကြားခဲ့သည်။ မြို့နယ်တာဝန်ရှိသူများကိုလည်း အခါအားလျော်စွာ အရည်အသွေးပြည့်မီမှု ရှိမရှိစစ်ဆေးကြရန်နှင့် လုပ်ငန်းခွင်များ အချိန်မီပြီးစီးနိုင်ရေးအတွက် ကုမ္မဏီမှ အရစ်ကြငွေကြေးထုတ်ယူရာတွင် အဆင်ပြေလွယ်ကူအောင် ကူညီပေးကြရန် မှာကြား သည်။ ခြံစည်းရိုးကာရံမည့်နေရာ၊ ကွန်ကရစ်လမ်းခင်းရန် ပြုလုပ်နေသည့်နေရာများအား ကြည့်ရှု ပြီး ရေနှုတ်မြောင်းတူးဖော်ရန်နှင့် လိုအပ်သော အကူအညီများ တောင်းကြရန် ပြောကြား ခဲ့ပါသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)