ပွင့်ဖြူမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာဖြေဆိုကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်း အစည်းအဝေးကျင်းပ

 
ပွင့်ဖြူ ဇွန် ၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ ဖြေဆိုကျင်းပ နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် က ပါဠိပထမပြန် စာမေးပွဲအောင်မြင်စွာ ဖြေဆိုကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးအား ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ စာဖြေသံဃာများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် အာရုဏ်ဆွမ်းနှင့် နေ့ဆွမ်းဆက်ကပ်ရန်ကိစ္စရပ်များ၊ လုံခြုံရေးတာဝန် ချထားရေးကိစ္စရပ်များနှင့် ကျန်းမာရေးပြုစုစောင့်ရှောက်နိုင်ရေး ယာယီဆေးခန်းဖွင့်လှစ် ထားရှိရေး ကိစ္စရပ်များ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများ အနေဖြင့် ဝိုင်းဝန်းအကြံပြု တင်ပြဆွေးနွေးကြရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက မြို့နယ်အတွင်းရှိ စာဖြေသံဃာများ ပါဠိပထမပြန်စာမေးပွဲအား အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်း အကြံပြုဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၁ ခုနှစ် ၊ ပါဠိပထမပြန်စာမေးပွဲကို ပွင့်ဖြူမြို့၊ အရှေ့ပိုင်းရပ်ကွက်ရှိ ပတ္တမြားတိုက်ကျောင်းတွင် ဇွန်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားသည့် သံဃာ၊ ကိုရင်နှင့် သီလရှင် စုစုပေါင်း (၄၁)ပါး ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်သာသနာရေးဦးစီးဌာန တာဝန်ခံ မြို့နယ် လဝကဦးစီးမှူး ဦးအောင်ဇော်တင့်ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )