သနပ်ပင် ဇွန် ၄ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာ စံကြည် ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်တွင် သနပ်ပင်မြို့နယ်အတွင်းရှိ ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေး၊ ဆေးတိုက်ခြင်း များကို ပြည်သူ့ကျန်းမာရေး အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးနေကြောင်း သိရသည်။ ထို့သို့ ဆောင်ရွက်ပေးရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲထိ ကလေးငယ်များအား အသက်အရွယ် အလိုက် ဘီစီဂျီဆုံစို့၊ ကြက်ညာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမှေးရောင်၊ ငါးမျိုးစပ် ကာကွယ်ဆေး ပြင်းထန်အဆုတ်ရောင်၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ရိုတာကာကွယ်ဆေး၊ ဝက်သက် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး (၉)မျိုး၊ ထိုးနှံပေးပြီး ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေးများကို ကလေးငယ်များအား တိုက်ကျွေးခဲ့ကြသည်။ အဆိုပါ ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းချက်နှင့်အညီ ကာကွယ်ဆေးထိုး ဆေးတိုက်ကျွေးခြင်းများကို ဇွန်(၃)ရက်နေ့နှင့် ဇွန် (၄)ရက်နေ့ ယနေ့ထိ (၂)ရက်ကြာ ထိုးနှံတိုက်ကျွေး ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ လှမိုး(ပြန်/ဆက်)