လက်ပံတန်း ဇွန် ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးဌာန၏ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် ရည်မှန်းချက်တာဝန်ကြီး(၄)ရပ်နှင့် လုပ်ငန်းစဉ်(၇)ရပ် တို့အား အကောင်အထည်ဖော် ဆောင်ရွက်နေရာ မီးဘေးအန္တရာယ်မှ ကာကွယ်တားဆီးရေး၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ ကာကွယ်နိုင်စေရေး စသည့် လုပ်ငန်းစဉ်များကို လှည့်လည်အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးလောင်မှုနှင့် မီးလန့်မှု မဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ ဝိုင်းဝန်းကူညီ ဆောင်ရွက်ရေး၊ ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းရေး၊ မီးဘေးလုံခြုံရေး အတွက် မီးဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့်အချက်များ၊ ဘုရားမီး၊ အမွှေးတိုင်မီး၊ မီးဖိုမီးအသုံးပြုလျှင် လိုက်နာရန်အချက်များ၊ မီးလောင်မှုဖြစ်လျှင် လိုက်နာရမည့်အချက်များ၊ လျှပ်စစ်မီးသုံးစွဲလျှင် လိုက်နာရမည့်အချက်များ၊ လောင်စာဆီသုံးစွဲရာတွင် လိုက်နာရမည့်အချက်များ၊ မီးသတ်ဆေးဘူး အသုံးပြုပုံစသည်တို့ကို အသိပညာပေးလက်ကမ်းစာစောင်များထုတ်ဝေ၍ လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့ပြီး ဆက်လက်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာ အုပ်စုများတွင်လည်း ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
စုဝေလွင်