မြို့သစ်မြို့နယ်၌ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

မြို့သစ် ဇွန် ၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ ၂၀၂၁ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်ပိုင်း၌ ဇီးလုံးကျေးရွာတောင်သူ (၁၈) ဦး စပါး သီးနှံစိုက်ဧက (၃၇) ဧက စုစုပေါင်း ချေးငွေကျပ် (၅၅သိန်း ၅ သောင်း) ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၁ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ များကို မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ အချိန်မီဝယ်ယူဖြည့်တင်း နိုင်ရန်နှင့်စိုက်ပျိုးရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်စေရန်အတွက် သတ်မှတ်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းများနှင့်အညီ စနစ်တကျ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးရန် ညောင်ကိုင်းကျေးရွာအုပ်စု ညောင်ကိုင်းကျေးရွာရှိ တောင်သူများကို ထုတ်ချေး ပေးရန် လျာထားရှိပြီး စပါးသီးနှံတစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းနှုန်းနှင့် အခြားသီး နှံတစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးပေးရန် ကျန်ရှိနေသေးသည့် ကျေးရွာများမှ တောင်သူများကိုလည်း သတ်မှတ်ကာ လအတွင်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ကိုဇော်