ကြို့ပင်ကောက် ဇွန် ၄
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေးက ယခုအချိန်မှာ လုံခြုံရေးကိစ္စရပ်များ အထူးအလေးထား ဆောင်ရွက်သွားရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကိစ္စရပ်များ၊ မြို့ပြကျေးလက်လမ်း တံတားတည်ဆောက်ရေး ကိစ္စရပ်များ အချိန်မီပြီးစီးရေး၊ သစ်တောကြိုဝိုင်းများမှ တရားမဝင်သစ်များ ထုတ်ယူမှု မရှိစေရေး၊ ပညာရေးကိစ္စရပ်များကို ဆရာဆရာမများနှင့် ကျောင်းသားမိဘများ ပူးပေါင်း၍ ဆောင်ရွက်သွားရန်လိုကြောင်း၊ အခြေခံပညာကျောင်းများနှင့် ဆရာဆရာမများ၏ လုံခြုံရေးကို အထူးသတိရှိစွာ ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွင် နွေစပါးများ အောင်မြင်ဖြစ်ထွန်းရေး အထွက်နှုန်းတိုးတက်လာစေရေး၊ ဌာနဆိုင်ရာများ လုံခြုံရေး အထူးအလေးထား ဆောင်ရွက်ရန် အစရှိသော ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးညှိနှိုင်းခဲ့သည်။
မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းခိုင်က လုံခြုံရေးကိစ္စဖြစ်သော ဖောက်ခွဲရေးလုပ်ငန်းများကို အချိန်မီ တားဆီးနိုင်ရေးအတွက် ဌာနဆိုင်ရာများမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း၊ ဒီကနေ့မှာပင် ဗုံးအတုများဖြင့် ခြောက်လှန့်မှုနှစ်ခုကို ဖြေရှင်းပေးခဲ့ရကြောင်း ပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ တာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းများကို ရှင်လင်း ပြောကြားခဲ့သည်။
ထို့နောက် ဌာနဆိုင်ရာ အကြီးအကဲများက ဌာနများအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)