ပုသိမ် ဇွန် ၄
ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကောင်စီအဖွဲ့ဝင်များနှင့် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပုသိမ်မြို့ လွှတ်တော်ရုံး အစည်းအဝေး ခန်းမ(၁)တွင် ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်က “ဝန်ထမ်းများအနေနဲ့ မိမိတို့ဌာနရဲ့ ရည်မှန်းချက်များကို ပေါက်မြောက်အောင်မြင်အောင် ဆောင်ရွက်ဖို့ အဓိက တာဝန်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေနဲ့ ပါတီနိုင်ငံရေးကင်းရှင်းရမှာဖြစ်ကြောင်း၊ လွှတ်တော် ဝန်ထမ်းများအား ယခုလို တွေ့ဆုံရတဲ့အတွက် ဝမ်းမြောက်ပါကြောင်း၊ ဝန်ထမ်းများအနေနဲ့ အခက်အခဲများရှိပါက ဆွေးနွေး ပြောကြားကြရန်” မှာကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး လွှတ်တော်ရုံး အဆောက်အအုံသစ်အား လှည့်လည်ကြည့်ရှုသည်။
ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ ကောင်စီအဖွဲ့ဝင်များသည် မွန်းလွဲ ၂ နာရီတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်သည့် လမ်းဦးစီးဌာနနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပါသည်။
အစည်းအဝေးတွင် တိုင်းကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်က “လမ်းဦးစီးဌာနအနေနဲ့ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်တဲ့ အချိန်မှာ သတ်မှတ်တဲ့လမ်းပြီးဖို့ လိုအပ်ပါကြောင်း၊ လမ်းများချိန်မီ ပြီးစီးဖို့အတွက် ပေါင်းစပ်ညှိ နှိုင်းပေးဖို့ လိုအပ်ပါက ပေါင်းစပ်ညှိနှိုင်းပေးမှာဖြစ်တဲ့အတွက် တင်ပြပေး စေလိုကြောင်းပြောကြား”ခဲ့ပြီး တက်ရောက် လာကြသည့် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်း လမ်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
မောင်မောင်မြင့်(iprd)