မိုးညို ဇွန် ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ မိုးညိုမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (OSS) ရုံးတွင် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မိုးညိုမြို့နယ်၌၂၀၂၀ ခုနှစ်အတွင်း သဘာ၀ဘေးကြောင့် သီးနှံ များ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများသို့ ထောက်ပံ့ပေးအပ်သည့် ငွေများအား ကျေးရွာအုပ်စု၊ သဘာ၀ဘေးထောက်ပံ့ရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲတွင် ပထမဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိဒ္ဓိက အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်သီတာဦးက သဘာ၀ဘေးကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများသို့ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တောင်သူတစ်ဦးချင်း လက်မှတ်ထိုး၊ လက်ဗွေနှိပ်၊ မူရင်းစာရင်း ၃ စုံ၊ ဓာတ်ပုံမှတ်တမ်းနှင့်တကွ ပြန်လည်တင်ပြကြရန် မှာကြား၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
မိုးညိုမြို့နယ်၌ ၂၀၂၀ ခုနှစ်အတွင်း သဘာ၀ဘေးကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့သည့် ကျေး ရွာအုပ်စု ၂၇ အုပ်စုမှ တောင်သူ ၂၉၀၈ ဦးရှိပြီး ပျက်စီးဆုံးရှုံးခဲ့သည့် စပါး ၄၇၁၅ ဧက၊ နှမ်း ၂၄၂၇ ဧက၊ ပြောင်း ၅၇ ဧက၊ ပန်းစိုက်ခင်း ၃ ဧက၊ ကုလားပဲ ၅၉ ဧက၊ စုစုပေါင်း ၇၂၆၁ ဧကအတွက် ငွေကျပ် ၆၀၁၈၀၀၀၀ ကျပ်အား ထောက်ပံ့ပေးအပ်သွားမှာဖြစ်ကြောင်း၊ ယခုပေးအပ်ပွဲတွင် ကျေးရွာအုပ်စု ၁၃ အုပ်စုအတွက် ငွေကျပ် သိန်း ၃၀၀ အား ကျေးရွာအုပ်စု သဘာ၀ဘေးထောက်ပံ့ရေး အဖွဲ့သို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ကျန်ရှိသောအုပ်စုများအား ဆက်လက် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
ကိုမင်း(မိုးညို)