တနင်္သာရီမြို့မရဲစခန်းရှိ အချုပ်သား (၂၇)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိ

တနင်္သာရီ ဇွန် ၄

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်  တနင်္သာရီမြို့မရဲစခန်းမှ အချုပ်သား ကျား(၃၄)ဦး၊ မ(၁)ဦး၊ ပေါင်း(၃၅)ဦးနှင့် အချုပ်ခန်းလုံခြုံရေး ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်(၆) ဦး စုစုပေါင်း (၄၁)ဦးတို့အား ယမန်နေ့ မွန်းလွဲ ၂နာရီ ၃၀အချိန်မှ ညနေ ၆ နာရီအထိ မြို့မရဲစခန်းအတွင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန ညောင်ပင်ကွင်း ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးမြတ်သီလ ဦးဆောင်ကြီးကြပ်၍ ဓာတ်ခွဲကျွမ်းကျင်(၄) နော်ဖေါခူစေးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT-Test Kit ဖြင့် လာရောက်စစ်ဆေးပေးရာတွင် အချုပ်တရားခံ ကျား(၂၇)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး အတည်ပြုတွေ့ရှိကြောင်း သိရှိရသည်။

ဇွန်လ(၂)ရက်နေ့က တနင်္သာရီမြို့မရဲစခန်းမှ အချုပ်တရားခံ ကျား(၄)ဦး+မ(၂)ဦး၊ ပေါင်း(၆) ဦးတို့အား ဒုရဲအုပ်ကျော်သူဝင်းနှင့် တပ်သား(၃)ဦး လုံခြုံရေးလိုက်ပါ၍ ယာဉ်မောင်း ဦးဝင်းကို (အဖ) ဦးဘဖြိုး မောင်းနှင်သော မော်တော်ယာဉ်ဖြင့် မြိတ်မြို့အကျဉ်းထောင်သို့ ပို့ဆောင်အပ်နှံစဉ် အကျဉ်းသားများအား အကျဉ်းထောင်ကျန်းမာရေး တာဝန်ခံဒေါက်တာမိုးလွင်က ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT-Test Kit ဖြင့် စစ်ဆေးရာ အချုပ်သား ကျား(၄)ဦး+မ(၁)ဦး၊ ပေါင်း(၅)ဦး တို့တွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိခဲ့သဖြင့် ၎င်းတို့နှင့်ဆက်စက်၍ တနင်္သာရီရဲစခန်း အချုပ်ခန်းအတွင်း အတူနေခဲ့ကြပြီး ကျန်ရှိသည့် အချုပ်သား ကျား(၃၄)ဦး၊ မ(၁)ဦး ပေါင်း(၃၅)ဦးတို့နှင့် အချုပ်ခန်း လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်(၆)ဦး စုစုပေါင်း(၄၁)ဦး တို့ကို မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းလျက် ယခုကဲ့သို့ ထပ်မံစစ်ဆေး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။

သို့ဖြစ်၍ ယနေ့ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိသူ အချုပ်တရားခံ ကျား(၂၇)ဦးအား တနင်္သာရီမြို့မရဲစခန်း ‘အမျိုးသား’ အချုပ်ခန်းအတွင်းတွင်လည်းကောင်း၊ ရောဂါပိုးမတွေ့ရသည့် အချုပ်တရားခံကျား(၇)ဦးကို တနင်္သာရီမြို့မရဲစခန်း ‘အမျိုးသမီး’ အချုပ်ခန်းတွင်လည်းကောင်း ၊  ရောဂါပိုးမတွေ့ရသည့် အချုပ်တရားခံ ‘အမျိုးသမီး’ (၁)ဦးအား မောတောင်မြို့ရဲစခန်း အချုပ်ခန်းသို့ ပြောင်းရွှေ့၍လည်းကောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန်ချက်နှင့်အညီ (Facility Quarantine) အသွားအလာ ကန့်သတ်၍ (၁၄)ရက်အကြာ ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုပေးသွားမည်ဖြစ်ပြီး လက်ရှိတွင် အားလုံးကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း မြို့မရဲစခန်းမှ သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)