နတ်မောက် ဇွန် ၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် န/လက်ခုပ်ပင် ကျေးရွာအတွင်းရှိ ဒေသခံ တောင်သူများအနေဖြင့် မြေအောက်ရေကို စနစ်တကျအသုံးပြု၍ ဟင်းသီးဟင်းရွက်သီးနှံမျိုးစုံကို နွေ၊ မိုး၊ ဆောင်း ရာသီမရွေး စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်တွင် ဖရုံသီးနှံ စိုက်ပျိုးရေး လုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ မိသားစုဝင်ငွေရရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်အတွင်း ကျေးရွာများမ ဒေသခံတောင်သူများသည် တစ်နိုင်တစ်ပိုင် ဟင်းသီး ဟင်းရွက် စားပင်သီးနှံစိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး သီးနှံများစိုက်ပျိုးရာတွင် တောင်သူများမှာ ကိုယ်ပိုင်အဝီစိရေတွင်းများဖြင့် မြေအောက်ရေသွင်းပြီး စိုက်ပျိုးလုပ်ကိုင်ကြ ကြောင်းနှင့် တောင်သူအများစုသည် စားပင်သီးပင်များစိုက်ပျိုးရာ၌ သီးနှံတစ်မျိူးတည်း စိုက်ပျိုး ခြင်းအစားအပိုဝင်ငွေ ရရှိရေးအတွက် သီးထပ်သီးညှပ်အဖြစ် ရောနှောစိုက်ပျိုးမှုများလာကြ ကြောင်းသိရသည်။
ယခုနှစ် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းတွင် ဖရုံစိုက်ပျိုးခြင်းဖြင့် အောင်မြင်ဖြစ်ထွန်းမှု ရှိကြောင်း၊ ဖရုံမျိုးစေ့တစ်ထုပ်ကို (၆၅၀၀)ကျပ်ပေးဝယ်ရပြီး မျိုးစေ့များကို (၂) ပေ ပတ်လည် ကျင်းတူး၍ တစ်ပင်နဲ့တစ်ပင် (၄)ပေအကွာ စိုက်ပျိုးရကြောင်းနှင့် ရောင်းချရာတွင်လည်း ဖရုံညွန့် (၁၀) ညွန့်လျင် (၂၅၀)ကျပ်နှုန်းဖြင့် ရောင်းချရ၍ ငါးရက်ခြားတစ်ကြိမ် ခူးယူရောင်း ချရကြောင်း န/လက်ခုပ်ပင်ကျေးရွာမှ တောင်သူ ဦးလှရှိန်ထံမှ သိရသည်။
သင်းသင်းဝေ (နတ်မောက်)