မကွေးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးနှင့်တရားဥပဒေ စိုးမိုးရေးအတွက် အဖွဲ့စုံဖြင့် ကွင်းဆင်းဆောင်ရွက်ချက်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

 

မကွေး ဇွန် ၄

မကွေးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးနှင့်တရားဥပဒေ စိုးမိုးရေးအတွက် အဖွဲ့စုံဖြင့် ကွင်းဆင်းဆောင်ရွက်ချက်များ ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့်လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက တိုင်းဒေသကြီးအတွင်း အုပ်ချုပ်ရေး လွှမ်းခြုံမှုအနေဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး(၂၅)ဦး ရှိသည့်အနက် (၂၀)ဦး အပြောင်း အရွှေ့များပါရှိပြီး (၅)ယောက်သာ ကျန်ရှိသည်ကို တွေ့ရပါကြောင်း၊ ယခုပြောင်းရွှေ့လာသော  အုပ်ချုပ်ရေးမှူးများ အနေဖြင့် မိမိကွပ်ကဲရာမြို့နယ် အသီးသီးရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို အဓိကထား ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ မိမိတာဝန်ကျရာ မြို့နယ်များမှာ ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်တဲ့ နေရာမှာ  တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် အဓိကအခြေခံကျတဲ့ ရပ်ကွက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လစ်လပ်မှုမရှိဘဲ အပြည့်အ၀ ခန့်ထားနိုင်ရေး ဆောင်ရွက် သွားရမှာဖြစ်ကြောင်း၊ ယခုကျောင်းဖွင့်ချိန်ရာသီမှာလည်း ကျောင်းတွေအားလုံး ဖွင့်နိုင်အောင် ကျောင်းသား၊ ကျောင်းသူတွေ ဆရာ၊ဆရာမတွေ ဘေးအန္တရာယ်ကင်းစွာ ကျောင်း တက်နိုင် စာပေသင်ကြား နိုင်အောင် စီမံဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတာဝန်ကျရာ မြို့နယ်အတွင်း နယ်မြေကျွမ်းကျင်နှံ့စပ်အောင် ကွင်းဆင်းဆောင်ရွက်ပြီး ဒေသခံပြည်သူများနှင့် တစ်ရင်းတစ်နှီး နေထိုင်ပြောဆိုဆက်ဆံကာ ပြည်သူလူထုအကျိုးကိုရှေ့ရှုပြီး စိတ်ရင်းစေတနာပါပါဖြင့် စီမံဆောင်ရွက်ပေးကြဘို့ မှာကြား သည်။

ဆက်လက်ပြီး တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မိတ်ဆက် တင်ပြခဲ့ပြီး၊ တိုင်းဒေသကြီး ခရိုင်(၅)ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ခရိုင်အတွင်း ဆောင်ရွက်ချက် လုပ်ငန်းအစီအမံများအား တင်ပြကာ၊တင်ပြချက်များအပေါ် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များက ဆွေးနွေးပြောကြားခဲ့ကြသည်။

မကွေးတိုင်းဒေသကြီးအတွင်း မကွေး၊ မင်းဘူး၊ သရက်၊ ပခုက္ကူနှင့် ဂန့်ဂေါခရိုင်(၅) ခရိုင်ရှိပြီး၊ မြို့နယ်(၂၅)မြို့နယ်၊ မြို့(၃၃)မြို့ရှိကာ၊ ရပ်ကွက်ပေါင်း(၂၀၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၅၃၈) အုပ်စုနှင့် ကျေးရွာပေါင်း(၄၇၉၁)ကျေးရွာရှိကြောင်း သိရသည်။

မောင်ညီညာ