ပုလဲ ဇွန် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ပုလဲမြို့၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် လယ်ယာထွက်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ပြီး နိုင်ငံသားများ၏ စားနပ်ရိက္ခာ ဖူလုံရေး၊ မြန်မာ့လယ်ယာထွက်ကုန်များကို နိုင်ငံတကာဈေးကွက်သို့ ယှဉ်ပြိုင် တင်ပို့နိုင်ရေး၊ တောင်သူလယ်သမား များ၏ ဝင်ငွေနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ်၍ ၂၀၂၁ခုနှစ်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ COVID - 19 ရောဂါနှင့်ပတ်သက်၍ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဇွန် ၃ရက်မှ စတင်၍ စနစ် တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ပုလဲမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးမင်းသော် က “ ၂၀၂၁ခုနှစ်အတွက် စိုက်ပျိုးစရိတ် ချေးငွေများကို စိုက်ပျိုးရာသီအမှီ ထုတ်ချေးပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့မှာ ရွာသာ(ညို့တုံ)ကျေးရွာရှိ တောင်သူ ၉ ဦးရဲ့ စပါး ၈ ဧက၊နှမ်း ၅၆ ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် ၆၈သိန်းနဲ့ကျွန်းဘိုကုန်းကျေးရွာရှိ တောင်သူ ၃ ဦးရဲ့ စပါး ၄ ဧက၊နှမ်း ၂၆ဧက အတွက် စိုက်ပျိုးစရိတ်ချေး ငွေကျပ် ၃၂ သိန်း စုစုပေါင်း ငွေကျပ်သိန်း၁၀၀ကို စတင်၍ ထုတ်ချေးပေးခဲ့ပြီး ကျန်ရှိနေသော ရပ်ကွက်နဲ့ ကျေးရွာများအတွက်လည်း ဆက်လက်၍ ထုတ်ချေးပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် လျက်ရှိပါ တယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများကို လယ် တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀နှုန်းနှင့် ယာတစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀နှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ပုလဲမြို့၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
မြင့်သိန်းစိုး