ပုသိမ် ဇွန် ၃
ပုသိမ်ခရိုင်၊ပုသိမ်မြို့နယ်သစ်တောဦးစီးဌာန၏ပုသိမ်မြို့ကန်သာယာ၊ယာယီပျိုးဥယျာဉ်တွင် မိုးရာသီကာလ၌ ပြည်သူများသစ်ပင်စိုက်ပျိုးနိုင်ရေးအတွက် ပျိုးပင်စုစုပေါင်း (၄၇၅၀၀)ပင်ကို ပျိုးထောင်ပေးထားလျက်ရှိသည်။
သစ်တောဦးစီးဌာနမှ ပျိုးထောင်ထားလျက်ရှိသောပျိုးပင်များမှာ ကျွန်း ( ၁၃၀၀၀) ပင်၊မန်ဂျန်ရှား (၁၅၀၀၀) ပင်၊မဟော်ဂနီ ( ၄၅၀၀) ပင်၊စိန်ပန်းကြီး( ၃၀၀) ပင်၊ယူကလစ် ( ၄၄၀၀) ပင်၊ခရေ(၅၀၀) ပင်၊ပျဉ်းကတိုး ( ၉၀၀၀) ပင်၊ ကံ့ကော်(၅၀၀)ပင်၊ ပင်လယ်ကဗွီး(၃၀၀)ပင်တို့ကို ပျိုးထောင်ထားလျက်ရှိကြောင်းသိရသည်၊၊
မိုးရာသီအစပိုင်း ဇွန်လအတွင်းရပ်ကွက်၊ ကျေးရွာများနှင့်ဌာနဆိုင်ရာရုံးများကို ဖြန့်ဝေပေးသွားမည်ဖြစ်ပါကြောင်း၊အထူးသဖြင့်ကျေးရွာနေပြည်သူများက ရာသီဥတုကို ထိန်းသိမ်းရာရောက်ပြီး မိသားစုနောင်ရေးအတွက်ဝင်ငွေရရှိစေမည့် ကျွန်းနှင့်မန်ဂျန်ရှားပင်များကို ပိုမိုစိုက်ပျိုးရန်အတွက် မိမိတို့ရဲ့ သစ်တောဦးစီးဌာနသို့ လာရောက်ဆက်သွယ်နေကြပြီးဖြစ်ကြောင်း ၊ မိုးရာသီသစ်ပင်စိုက်ပျိုးရာတွင် ပြည်သူများအားပျိုးပင်များကို အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း ပုသိမ်မြို့သစ်တောဦးစီးဌာနမှ ဦးအောင်မြင့်မြတ်ထံမှ သိရသည်။
မြင့်ဟန်