ဘားအံ ဇွန် ၃
ကရင်ပြည်နယ် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂) နာရီခန့်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်နယ်တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးစောမြင့်ဦး က တောင်သူလယ်သမားဟု ဆိုရာတွင် လယ်၊ ယာ၊ ဥယျာဉ်ခြံ စိုက်ပျိုးလုပ်ကိုင်သူများကိုသာ ခေါ်ဆိုခြင်းမဟုတ်ဘဲ ကျွဲ၊ နွား၊ ငါး တိရိစ္ဆာန် မွေးမြူသူများ သည်လည်း တောင်သူလယ်သမားများဖြစ်ကြကြောင်း၊ ထိုသူတို့၏ အကျိုးစီးပွားနှင့်အခွင့်အရေးများ ကို အပြည့်အဝကာကွယ်မြှင့်တင် ပေးသွားရမည်ဖြစ်ကြောင်း၊ ထိုသူများ၏ အခွင့်အရေးကို အခြားသူများမှ ရယူထားသည်ဆိုပါက ကော်မတီမှ ကာကွယ်ပေးရမည်ဖြစ်ပြီး အကျိုးစီးပွားကိုလည်း မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ ကော်မတီအနေဖြင့် ပုံမှန်အစည်းအဝေးကို တစ်လလျှင်တစ်ကြိမ် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီး မျိုးမင်းနောင် က တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေဆိုင်ရာများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသော ကော်မတီဝင်များဖြစ်သည့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးများနှင့် စိုက်ပျိုးမွေးမြူရေးတောင်သူကိုယ်စားလှယ်များက တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များအား ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်တောင်သူလယ် သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း