ဇီးကုန်း ဇွန် ၃
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင် မိခင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ် ပြည်သူ့ ဆေးရုံကြီးတွင် ဆေးရုံအခြေပြု ပုံမှန်ကာကွယ်ဆေး ထိုးခြင်း လုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇော်နိုင်ဦး၏ ကြီးကြပ်မှုနှင့် ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ် ရပ်ကွက်(၅) ရပ်ကွက်မှ မွေးကင်းစမှ အသက် တစ်နှစ်ခွဲအထိကလေးငယ်များအား အသည်းရောင်အသားဝါ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး) ပြင်းထန် ဝမ်းပျက်ဝမ်းလျော (ရိုတာဗိုင်းရပ် ကာကွယ် ဆေး) ပြင်းထန်အဆုပ်ရောင်(ပီဗွီစီ) ဝက်သက် ဂျိုက်သိုး ရောဂါ ကာကွယ်ဆေးများကို အသက် အရွယ်အလိုက် သက်ဆိုင် ရာဆေးများကို ထိုးနှံပေးပြီး ပိုလီယိုအကြာသေ ကာကွယ်ဆေးများကိုလည်း တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းများကို ကျေးလက် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)