ကျိုက်လတ် ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဗလီခြံရေကျော်ကျေးရွာအုပ်စု၊ ကကရံကြီးကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ယနေ့နံနက်(၅)နာရီခွဲခန့် က မီးရှို့ဖျက်ဆီးခံရကြောင်းသိရသည်။
မီးလောင်မှုဖြစ်ပွားရာနေရာသို့ ကျောင်းရှိဆရာ/ဆရာမများနှင့် ကျေးရွာပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သဖြင့် နံနက်(၇)နာရီ ခွဲခန့်တွင် မီးငြိမ်းသွားခဲ့ပါသည်။ မီးလောင်ကျွမ်းမှု ကြောင့် ကျောင်း၏ မျက်နှာကျက်များ၊ ဗီရို(၁)လုံး သစ်သားထိုင်ခုံ (၂) လုံး သစ်သားစားပွဲခုံ (၁) လုံး ၊ အခန်းဝင်ပေါက်တံခါး (၁) ချပ်၊ ဆိုလာဝပ်-၃၀၀ မီးဘုတ် (၁)လုံး၊ ပလပ်စတစ်ထိုင်ခုံ (၃၃) လုံး၊ ပြတင်း ပေါက်မှန်တံခါး (၂) ချပ်၊ ပလပ်စတစ်ပန်ကာ(အလတ်) (၆) လုံး ၊ NIBBAN အမျိုးအစား Sound Box (၂) လုံး ၊ A-11 အမျိုးအစား Bluetooth Sound Box (၁) လုံး၊ သင်ထောက်ကူ ပစ္စည်းများ၊ ရုံးသုံးစာရွက်စာတမ်းများ ၊ Covid-19 ရောဂါ ကာကွယ် ရေးသုံးပစ္စည်းများ ပျက်စီးခဲ့ကြောင်းသိရသည်။
အဆိုပါ မီးလောင်ခံရသည့်ကျောင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းသိန်းအောင် နှင့်အဖွဲ့ဝင်များ၊ ရုံးဒေါင့် နယ်မြေစခန်းမှူး ရဲအုပ် အောင်မျိုးလင်း ၊ ဒုတိယမြို့နယ်ပညာရေးမှူး နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ သွားရောက်ကြည့်ရှ စစ်ဆေးခဲ့ပြီး မီးရှို့ဖျက်ဆီးသွားသူအား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ရီရီမြင့်