ရှမ်းရွာသစ်မြို့တွင် "မျိုးစေ့ထုတ်စိုက်ခင်း"မျိုးစေ့စံချိန်စံညွှန်းနှင့်အညီ စိုက်စနစ်မှန်ကန်ရေးကွင်းသရုပ်ပြ ပွဲကျင်းပပြုလုပ်

ရှမ်းရွာသစ်   မေ   

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ရှမ်းရွာသစ်မြို့၊ ကွီးလေးကျေးရွာအုပ်စု၊ ကွမ်းတောကျေးရွာတွင် ၂၀၂၁ ခုနှစ်၊ မိုးစပါးရာသီ စပါးမျိုးစေ့ပိုးမွှားရောဂါကင်းစင်ပြီး စပါးအထွက်ကောင်းစေရန်ရည်ရွယ်ပြီး မျိုးစပါး (RS-(S)"ဆားရည်စိမ်ခြင်း"နှင့် "မျိုးစေ့ထုတ်စိုက်ခင်း"များ မျိုးစေ့စံချိန်စံညွှန်းနှင့်အညီ "စိုက်စနစ်မှန်ကန်ရေး" ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်(၈)နာရီအချိန်ခန့်က တောင်သူဦးတိုးဝင်း ပိုင်လယ်ကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က စိုက်ပျိုးရေးနှင့်ပတ်သက်ပြီး အဖွင့်အမှာစကား ပြောကြားပြီးနောက် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကြည်ဝင်းက စိုက်ပျိုးရေး ဆိုင်ရာမျိုးကောင်း၊ မျိုးသန့်အကြောင်းအရာများကိုလည်းကောင်း၊ ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲမှ ဦးစီးအရာရှိ ဒေါ်တူးတူးမာက မျိုးစေ့ဥပဒေအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ဘားအံခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သန်းအေးက မျိုးစေ့ဆားရည်စိမ်ခြင်းနှင့် မျိုးစေ့ထုတ်လုပ်ခြင်းအကြောင်း သိကောင်းစရာ များစသည့် မျိုးစေ့စံချိန်စံညွှန်းနှင့်အညီ စိုက်စနစ်မှန်ကန်စေရေးအတွက် အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများအား စိုက်ပျိုးရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါကွင်းသရုပ်ပြပွဲသို့ မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်၊ လှိုင်းဘွဲမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကြည်ဝင်း၊ ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မျိုးစေ့ဌာနခွဲဦးစီးအရာရှိ ဒေါ်တူးတူးမာ၊ ဘားအံ ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာဦးစီးအရာရှိ ဒေါ်ခင်သန်းအေး၊ ရှမ်းရွာသစ်မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးမြင့်မောင်နှင့် ကွီးလေးကျေးရွာအုပ်စုမှ တောင်သူ(၅၀)ဦးခန့်တက်ရောက်ခဲ့ပြီး လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်(ပြန်/ဆက်)