ကျွန်းလှမြို့နယ် ကျေးရွာသုံးရွာ၌ သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်

ကျွန်းလှ ဇွန် ၃

            

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် မော်ကယ်၊ ပိန္နဲကုန်း၊ ဟဲကင်း ကျေးရွာများ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုငွေဖြင့် သောက်သုံးရေရရှိရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူးဦးသိဏ်းမောင် ကပြောကြားသည်။

           

ထိုကျေးရွာများတွင် သောက်သုံးရေးအတွက် လေးပေငါးလက်မ၊ ပေ(၄၀၀) စက်ရေတွင်း (တွင်းနက်) တူးဖော် ခြင်း၊(အလျား၁၀×အနံ၈×အမြင့်၈)ပေ ရေစက်ရုံ တည်ဆောက်ခြင်း၊ ဂါလံ (၂၄၀၀) ဆံ့ရေစင် တည်ဆောက်ခြင်း၊နှစ်လက်မ PVC ရေပိုက်လိုင်း(၅၂၈၀)ပေ သွယ်တန်းခြင်း တို့ကို ခွင့်ပြုရန်ပုံငွေကျပ် (၆၅ ဒသမ၆၂)သန်းဖြင့် NEW INTELLIGENCE ကုမ္ပဏီက ဆောင်ရွက်ကြောင်း မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှသိရသည်။

   

အဆိုပါ ကျေးရွာသုံးရွာတွင် ယခင်ကသောက်သုံးရေးကို လက်နှိပ်ဘုံဘိုင်တွင်း၊ လက်ငင်တွင်း များမှခတ်ယူ သုံးစွဲကြရကြောင်း၊ ယခုလုပ်ငန်းများပြီးစီးပါက အိမ်ခြေ(၅၃၈)အိမ်၊ လူဦးရေ (၃၀၂၆)ဦး တို့အားသန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိမည်ဖြစ်ကြောင်းသိရသည်။

မျိုးဝင်းညို (ကျွန်းလှ)