မကွေး ဇွန် ၃
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် Forever Group Co.,Ltd မှ ရုပ်ရှင်စတူဒီယိုများ တည်ဆောက်ပြီး အညာကျေးလက် လူနေမှုစနစ်ကို အခြေခံကာ မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးတမ်း အစဉ်အလာများကို ဖော်ကျူးသည့် ဇာတ်လမ်းများ ရိုက်ကူးထုတ်လုပ်နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီရုံး အစည်းအဝေးခန်းမ၌ အဆိုပါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌထံ Forever Group Co.,Ltd မှ တွေ့ဆုံရှင်းလင်းတင်ပြခဲ့သည်။
တွေ့ဆုံပွဲတွင် မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင့်လွင်က Forever Group Co.,Ltd မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး၊ Forever Group Co.,Ltd တာဝန်ရှိသူတစ်ဦးက Forever Group သည် အများပြည်သူဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် ပြန်ကြားပေးခြင်း၊ပညာပေးခြင်း၊ ဖျော်ဖြေပေးခြင်း စသည့် ပြန်ကြားရေးလုပ်ငန်းရပ်များကို ရုပ်မြင်သံကြား အစီအစဉ်များ၊ FM ရေဒီယို အစီအစဉ်များမှ ထုတ်လွှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ပြည်သူလူတုအတွက် တိုးတက်ပြောင်းလဲလာသည့် နည်းပညာများနှင့်အညီ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ထုတ်လုပ်ခြင်း လုပ်ငန်းများကို ချဲ့ထွင် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်း များနှင့် ထုတ်လွှင့်ခြင်း လုပ်ငန်းများကို သင့်လျော်သည့် ဒေသတစ်ခုအား အခြေခံ၍ အဆိုပါ ဒေသ၏ ဖွံ့ဖြိုးတိုးတက်စေမည့် သဘာဝအရင်းအမြစ် အခြေခံ အကြောင်းအရာများကို မြှင့်တင် ဆောင်ရွက်ခြင်းဖြင့် မိမိလုပ်ငန်းရပ်များကို ပူးတွဲဆောင်ရွက်နိုင်ရန် ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန်အတွက် ရုပ်မြင်သံကြားနှင့် ရုပ်ရှင်အစီအစဉ်များ ထုတ်လွှင့်မှု အတွက် လိုအပ်သော စတူဒီယိုများ ထူထောင်ခြင်းကို လုပ်ဆောင်သွား မည်ဖြစ်ပါကြောင်း၊ ဒေသခံ လူငယ်များအနေဖြင့် ရုပ်ရှင်နှင့် ပတ်သက်သော သရုပ်ဆောင်၊ ဒါရိုက်တာ၊ တည်းဖြတ်၊ ဆက်တင်နှင့် မိတ်ကပ်ပညာများကို လေ့လာသင်ကြားခွင့် ရရှိမည့်အပြင် မိမိဒေသအတွင်းမှာပင် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေမည်ဖြစ်ပါကြောင်း စသည်ဖြင့် ရှင်းလင်း တင်ပြခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌက ခေတ်မီ စတူဒီယိုများကို လုပ်ငန်းရှင်များ အနေဖြင့် တစ်ဦးတည်းဖြစ်စေ အများနှင့်ဖြစ်စေ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီးအတွင်း Forever Group Co.,Ltd မှ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မောင်ညီညာ