ကော့သောင်းမြို့တွင် လမ်းထွက်သွားလာနေကြသူများအား မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ကြရေး Mask Campaign လုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကော့သောင်း ဇွန် ၃

ကူးစက်မှု ပြန်လည်ဖြစ်ပွားလာနေသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေး ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် လမ်းထွက်သွားလာနေကြသူများအား ပါးစပ်နှာခေါင်းစည်းများ လိုက်လံဝေငှတပ်ဆင်ပေးသည့် Mask Campaign လှုပ်ရှားမှု တစ်ရပ်ကို ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ နန္ဒဝန်ဈေးလမ်းဆုံ၌ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ကော့သောင်းမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများအား ကဏ္ဍစုံမှ လှုပ်ရှား ဆောင်ရွက်လျက်ရှိရာ မြို့နေပြည်သူများ လမ်းထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်ကြရေး ကျယ်ကျယ်ပြန့်ပြန့် အသိပေးထားပြီးဖြစ်ရာ ပြည်သူအများစု နှာခေါင်းစည်း တပ်ဆင်ကြသော်လည်း  စည်းကမ်းမလိုက်နာသူ ပြည်သူတစ်ချို့ကြောင့်             ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိရသူ ယခုနှစ် ဇွန်လ(၂)ရက်နေ့အထိ အတွင်း (၂၁)ဦးအထိ မြင့်တက်လာနေသဖြင့် ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေး ယခုကဲသို့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် ရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ NGO အဖွဲ့များ၊ ဘော်လံဒီယာ အဖွဲ့များ ပူးပေါင်းကာ လမ်းထွက်သွားလာနေသူများကို ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ပါးစပ်နှာခေါင်းစည်း အခု သုံးထောင့်ငါးရာကျော် အသုံးပြုကာ ဝေငှတပ်ဆင်ပေးခြင်းစသည့် ကမ်ပိန်းလုပ်ငန်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

ကျော်စိုး (ကော့သောင်း)