ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

ပဲခူး ဇွန် ၃
 
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
 
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပန်းခင်းစီမံချက်ဖြင့် ရသင့် ရထိုက်သည့် နိုင်ငံသားနှင့် တိုင်းရင်းသားအားလုံး နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး ဆောင်ရွက်ရာတွင် သွေးစစ်ဆေးခနှင့် ဓါတ်ပုံရိုက်ခများအား တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေမှ ကျခံသုံးစွဲပေးသွား မည်ဖြစ်၍ စာရင်းဇယား အချက်အလက်များ စာရင်းစစ်ခံယူနိုင်ရေး စနစ်တကျ ပြုစုထားရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေ ရာနှုန်းပြည့် ကောက်ခံရရှိနိုင်ရေး သက်ဆိုင်ရာအထောက် အကူပြုအဖွဲ့များမှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျေးရွာ ထင်းစိုက်ခင်း(၁)ရွာလျှင် အနည်းဆုံး(၂)ဧကနှင့်အထက် စိုက်ပျိုးနိုင်ရေး သစ်တောဦးစီးဌာနမှ အောက်ခြေ အထိ ကွင်းဆင်းဆောင်ရွက် သွားရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ကျေးလက်နှင့်မြို့ပြ လူမှုစီးပွား ဘဝ ကွာဟမှု လျော့ချနိုင်ရေးအတွက် သင့်သာသည့်နှုန်းထားဖြင့် လျှပ်စစ်မီးသုံးစွဲနိုင်ရေး ဆိုလာစနစ်အား အကောင်အထည်ဖော် ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အနေဖြင့် မြို့နယ် အလိုက် Land Mark ပျောက်ကွယ်မှုမရှိစေရေး ထိန်းသိမ်း စောင့်ရှောက်သွားရန် လိုအပ်ကြောင်း၊ ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန်နှင့် စိတ်လက်အပန်းပြေနိုင်ရန်အတွက် မြို့နယ်ဒေသအလိုက် အများ ပြည်သူ လမ်းလျှောက်နိုင်မည့်နေရာများ ဖန်တီးမည်ဖြစ်ကြောင်း၊ ကျောင်းပတ်ဝန်းကျင် တည်ငြိမ်အေးချမ်းရေးအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များမှ လုံခြုံရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန်နှင့် သတင်းရရှိရေး အထူးအလေးထားဖို့ လိုအပ်ကြောင်း၊ ရုံး/ဌာန လုံခြုံရေးအား အထူးဂရုပြု ဆောင်ရွက် သွားရန်နှင့် CCTV များ တပ်ဆင်ထားရန် လိုအပ်ကြောင်း၊ မြို့နယ်(၁)မြို့နယ်လျှင် Facility Quarantine Center (၂)ခု ပြင်ဆင်ထားရန်နှင့် အသုံးပြုရမည့် ကျန်းမာရေး ကာကွယ်ရေးသုံးပစ္စည်းများ လုံလောက်စွာ ထားနိုင်ရန်အတွက် သက်ဆိုင်ရာ ဌာနများမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။
 
ထို့နောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ဌာနဆိုင်ရာ ရုံးလုပ်ငန်းများ ပုံမှန် ဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) မှ CDM ပါဝင်သည့် ဝန်ထမ်းများ လုပ်ငန်းတာဝန်ပြန်လည် ထမ်းဆောင်လိုပါက ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်အသေးစိတ် အချက်အလက်များအား Power Point ဖြင့်လည်းကောင်း၊ ကောင်စီအဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့က ဒေသတွင်း လုံခြုံရေး၊ တည်ငြိမ်း အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက လိုအပ်သည်များ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
 
အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။
 
ဝဏ္ဏမောင်(တိုင်းဒေသကြီးပြန်/ဆက်)