ငဖဲမြို့နယ် တောင်ပေါ်ဒေသ၌ ကော်ဖီစိုက်ဧက ၁၀၄၁ ဧကစိုက်ပျိုး အောင်မြင်ဖြစ်ထွန်း

 

 

ငဖဲ   ဇွန် ၃

 

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် တောင်ပေါ်ဒေသ(နတ်ရေကန်)တွင် ကော်ဖီစိုက် ဧက ၁၀၄၁ ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။

 

 

ငဖဲမြို့နယ် တောင်ပေါ်ဒေသ(နတ်ရေကန်)သည် မင်းဘူး-အမ်းသွားကားလမ်း အရှေ့လောင်ဂျီတွဒ် ၉၄ဒီဂရီ ၂၅ မိနစ် နှင့် ၉၄ ဒီဂရီ ၂၆ မိနစ်ကြား ၊ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၃၈၁၉ ပေတွင် တည်ရှိပြီး တောင်ပေါ်ကျေးရွာအုပ်စု(၁၀)အုပ်စုရှိ၍ အရှိုချင်းတိုင်းရင်းသားများနေထိုင်ကြကာ ဒေသခံတောင်သူများက ကော်ဖီ၊လက်ဖက်၊ ထောပတ်၊ ကမ္ဗလာ၊ ရှောက်ချို၊ ပိန္နဲ၊ငရုတ်၊ ငှက်ပျော စသည့် နှစ်ရှည်သီးနှံပင်များကို အများဆုံးစိုက်ပျိုးကြသည်။

 

 

ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီရာသီ-သီးနှံဌာနခွဲ၊ နတ်ရေကန် (ကော်ဖီခြံ)တွင် အာရေဗီးကား(ဗီယက်နမ်) ကုန်းမြင့်ကော်ဖီမျိုး ဧက ၄၀ စိုက်ပျိုးထားပြီး တောင်ပေါ် ဒေသကျေးရွာ များတွင် ပုဂ္ဂလိကတောင်သူစိုက်ဧက ၁၀၀၁ ဧကစိုက်ပျိုးထားသည်။

 

 

"အရည်အသွေးမြင့်ရောင်းတန်းဝင်ကော်ဖီအဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ကော်ဖီစိုက် တောင်သူ အစုအဖွဲ့ ဖွဲ့စည်းထားပြီး တောင်သူနည်း ပညာပေးသင်တန်း(၃)ကြိမ်နှင့် ကွင်းသရုပ်ပြပွဲ (၃)ကြိမ် သင်ကြားပြသပေးပြီး ကော်ဖီမျိုးစေ့၊ ပျိုးပင်နှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်ပွဲ(၂)ကြိမ် ဆောင်ရွက်ပေးကြောင်း၊ နှစ်စဉ်ကော်ဖီစိုက်ဧက တိုးတက်လာသလို အထွက်နှုန်း တိုးတက်လာခဲ့ကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ၄၅ တန်နီးပါးထွက်ရှိပြီး နှစ်စဉ်သိန်း ၁၅၀၀ ခန့် တောင်သူများ ဝင်ငွေရရှိကြောင်း၊ ကော်ဖီပင်နဲ့ဆက်စပ်ပြီး ထောပတ်၊ ၀ဥ၊ လိုက်ချီး၊ လက်ဖက် စသည့်နှစ်ရှည်သီးနှံပင်များကြားညှပ် စိုက်ပျိုးကြ၍ တောင်ပေါ်ဒေသခံတိုင်းရင်းသားများ မိသားစု စားဝတ်နေရေးအဆင်ပြေကြောင်း၊ ဌာနအနေဖြင့် တောင်သူများအား အခါအားလျော်စွာခေါ်ယူ၍ ကော်ဖီမြေပြုပြင်ခြင်း၊ စိုက်ကျင်းတူးခြင်း၊ ရေခံတားကျင်းများ ဆောင်ရွက်ခြင်း၊ ကော်ဖီစိုက်ပျိုး ထုတ်လုပ်နည်းအဆင့်ဆင့်ပြသပေးခြင်း၊ သဘာ၀မြေဩဇာပြုလုပ်နည်းများ သင်ကြားပြသပေး ကြောင်း၊ ယခုနှစ်တွင် လမ်းပန်းဆက်သွယ်ရေးအခြေအနေအရ ကော်ဖီစေ့ များတင်ပို့နိုင်ခြင်း မရှိသေးဘဲ တောင်သူများ လက်ဝယ်တွင်ထားရှိနေသေးကြောင်း နှင့် ယခုနှစ် မိုးရာသီအမီ တောင်သူများစိုက်ပျိုးနိုင်ရေးအတွက် ကော်ဖီခြံတွင် ကော်ဖီပင်နှင့် အခြားအရိပ်ရပျိုးပင်ပေါင်း ခုနှစ်သောင်းကျော်ကို ပျိုးထောင်ထားရှိပြီး အချိန်မီဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း " ကော်ဖီခြံ တာဝန်ခံ ဦးဇော်သိန်း ကပြောကြားသည်။

 

 

 

ကော်ဖီပင်သည်ငဖဲမြို့နယ်တောင်ပေါ်ဒေသ ရေမြေရာသီဥတုနှင့်ကိုက်ညီသောကြောင့် သစ်တော ကြိုးဝိုင်းများတွင်လည်း စိုက်ပျိုးကြသည့်အတွက် အမှန်တကယ်မြေပြင် စိုက်ဧကများပြားကြောင်း၊​ ကော်ဖီ တစ်ဧကစိုက်ပျိုးလျင်စိုက်ပျိုးစရိတ်ငွေကျပ်သိန်း ၂၀ ခန့်ကုန်ကျကြောင်း၊ မြေပိုင်ဆိုင်မှု အထောက်အထား ခိုင်မာအောင်ဆောင်ရွက်ပေးပါက ယခုထက်စိုက်ဧကပိုမိုများပြားလာမှာ ဖြစ်ကြောင်း ဒေသခံတောင်သူများ ထံမှ သိရသည်။

 

 

 

ငဖဲမြို့နယ် နတ်ရေကန်(ကော်ဖီခြံ)မှ တစ်နှစ်လျင် ကော်ဖီစေ့(၂.၅)တန် နှင့် ပုဂ္ဂလိကစိုက်ခင်းများမှ (၄၂.၅)တန် စုစုပေါင်း (၄၅)တန်ထွက်ရှိပြီး ၎င်းကော်ဖီများကို ရွာငံ ၊ရေနံချောင်း နှင့် ပြင်ဦးလွင် မြို့နယ် စျေးကွက်များသို့ တစ်တန်လျင် ငွေကျပ် သိန်း ၃၀ နှုန်းဖြင့် တင်ပို့ရောင်း ချရကြောင်း သိရသည်။

 

 

မယု(ငဖဲ)