ဝန်းသိုမြို့နယ်တွင် (VDP) ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ရန်ပုံငွေလွှဲပြောင်း ပေး အပ်ပွဲကျင်းပ

 

 

ဝန်းသို ဇွန် ၃

 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း (VDP)ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း စီမံကိန်း ထပ်တိုးအကောင် အထည်ဖော်ဆောင်ရွက်မည့် ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ဆားတွင်းကျေးရွာ စီမံကိန်းကော်မတီဝင်များအား စီမံကိန်းရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

           

အဆိုပါအခမ်းအနားသို့ ကောလင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်မျိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် ဝန်ထမ်းများ၊ ဆားတွင်းကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူးက စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းကော်မတီဝင်များထံသို့ ရန်ပုံငွေ ကျပ်သိန်း ၁၀၀ကို လွှဲပြောင်းပေးအပ်သည်။

 

 

ဝန်းသိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရင်းနှီးမြုပ်နှံမှုအစီအစဉ် တစ်ရပ်အနေဖြင့် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း(၁၀၀)စီထောက်ပံ့ကာ ကျေးရွာ လူထုကိုယ်တိုင်ဆောင်ရွက်စေ သော (VDP)ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကို ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာ ပေါင်း(၂၂)ရွာ၌ အကောင်အထည် ဖော်ဆောင် ရွက်လျက်ရှိရာ ယခုစီမံကိန်းထပ်တိုးကျေးရွာအဖြစ် ဆားတွင်းကျေးရွာတွင် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

 

ကျော်မြိုင်