ရေဖြူ ဇွန် ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး၌ “ပန်းခင်းစီမံချက်” ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးမြင့်က ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်လျက်ရှိကြသော မွေးရာပါနိုင်ငံသားများနှင့် ဥပဒေအရနိုင်ငံသားများ အား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး အတွက် ပန်းခင်းစီမံချက်ကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး မေလ ၂၁ ရက်က စတင်ဆောင်ရွက်ပေးခဲ့သော ရေဖြူမြို့ပေါ် လေးရပ်ကွက်ရှိ အိမ်ထောင်စု လူဦးရေစာရင်း (၁၀၀) ကျော်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၃၃)ကတ်ကို ရေဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဦးမျိုးမြင့်က ပေးအပ်ခဲ့ရာ တက်ရောက်လာသည့် ဒေသခံပြည်သူများမှ လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ရေဖြူ(ပြန်/ဆက်)