ဆင်ပေါင်ဝဲ ဇွန် ၂
မကွးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူ လယ်သမားများအတွက် ၂၀၂၁-ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ် ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
တောင်သူများ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အဆင်ပြေစေရန်အတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို လယ်တစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀၊ ယာတစ်ဧကလျှင် ၁၀၀၀၀၀ နှုန်းဖြင့် ဆင်ပေါင်ဝဲမြို့နယ် ကုန်းဘိုအုပ်စုမှတောင်သူ ၉၁ ဦးအတွက် ချေးငွေစုစုပေါင်း (၄၉၉၅၀၀၀၀) ကျပ် အတိုးနှုန်း ၅% ရာခိုင်နှုန်းဖြင့် ချေးပေးခဲ့ပြီး ဆင်ပေါင်ဝဲမြို့နယ် အတွင်းရှိ ကျန်ရှိကျေးရွာ အုပ်စုများကိုလည်း စက်တင်ဘာလကုန်အတွင်း ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါချေးငွေများ ထုတ်ချေးပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထုတ်ချေးပေးလျက်ရှိကြောင်း မြန်မာ့လယ်ယာ ဖွံ့ဖြိူးရေးဘဏ်ခွဲမြို့နယ် မန်နေဂျာထံမှ သိရသည်။
ချိုချိုဝင်း