စေတုတ္တရာ ဇွန် ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ မြို့ပေါ်ရပ်ကွက်များရှိ မွေးကင်းစမှအသက်(၁)နှစ်ခွဲအရွယ်အထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်၌ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် Social Distancing စနစ်ဖြင့် လူတစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် နေထိုင် စေခြင်း၊ ကလေး မိခင်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား နှာခေါင်းစည်းများ တပ်ဆင် လာစေခြင်းဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် မွေးကင်းစမှ(၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)နှင့် ဦးနှောက်အမြှေးရောင် ရောဂါကာကွယ် ဆေးများကို ထိုးနှံတိုက် ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအား မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်း များကို ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ်အထိ ကလေးငယ်(၃၇)ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုး သမီး(၂၉)ဦး စုစုပေါင်း(၆၆)ဦးအား ပုံမှန်ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်းသိရသည်။
ခင်သန်းလှိုင်