နတ်မောက် ဇွန် ၂
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ် ၊ ကြူအိုင်ကျေးရွာမှ တောင်သူများသည် ပြောင်းဖူး ပင်များစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိကာ စိုက်ပျိုးသူများအတွက် အဆင်ပြေသောကြောင့် ဖူးစားပြောင်းများကို ထပ်မံစိုက်ပျိုးသူများလည်းရှိကြောင်း ပြောင်းစိုက်ပျိုး သူ များထံမှ သိရသည်။
ဖူးစားပြောင်းများစိုက်ပျိုးရာတွင် နွေနှင့် ဆောင်းရာသီများ စိုက်ပျိုးလျှင် ရေသွင်း၍မြေအစိုဓာတ် ရေလုံလောက်စွာ ရရှိရန် ပြုလုပ်ပေးရသည်။ ဖူးစားပြောင်းများကို စိုက်ပျိုးပြီး ၂ လအကြာတွင် ဖူးစပြုပြီး ၃ လ အတွင်းခုတ်၍ ရောင်းချနိုင် သည်။ လက်ရှိပြောင်းဖူး ဈေးနှုန်းများမှာ လက်လီဈေး တစ်ဖူးလျှင်ကျပ် ၁၃၀၊ လက်ကားဈေး ကျပ် ၁၂၀ နှုန်းရရှိပါသည်။ ပြောင်းဖူးပင်များကို စနစ်တကျ စိုက်ပျိုးထားပါက ပြောင်းဖူးအထွက်နှုန်းများ ပိုမိုကောင်းမွန်ပြီး ဖူးစားပြောင်းများကို ပြောင်းကြမ်း၊ သကြားပြောင်း၊ ဗမာပြောင်းဟူ၍ သုံးမျိုးရှိပြီး ပြောင်းကြမ်းမှာ တိရစ္ဆာန်များအတွက်သာ အသုံးပြု စိုက်ပျိုးကြသည်၊၊
ပြောင်းဖူးများ စိုက်ပျိုးရာတွင် ကျဲပက်ခြင်း၊ အတန်းလိုက် အစေ့ချစိုက်ပျိုးခြင်း စသည်ဖြင့် အမျိုးမျိုး ရှိသော်လည်း အတန်းလိုက် အစေ့ချ၍ စနစ်တကျ စိုက်ပျိုးခြင်းဖြင့် ရေသွင်းခြင်း၊ ဆေးဖျန်းခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်းများ ပြုလုပ်ပေးနိုင်သည့်အတွက်ကြောင့် ပြောင်းဖူးပင်များပိုမို ရှင်သန်ကြီးထွားစေသည်။ ပြောင်းဖူးစိုက်ပျိုးရာတွင် မျိုးစေ့(၁)ဗူးလျင် အဖူး (၁၀၀၀) နှုန်းခန့် ထွက်ရှိပြီး တစ်ပင်ကို သုံးဖူးအထိဖူးကာ ပြောင်းဖူးစိုက်ပျိုးသူများမှာ အဆင်ပြေ၍ ဈေးကောင်း ရရှိကြောင်း နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာ ဖူးစားပြောင်း စိုက်ပျိုးသူထံမှ သိရသည်။
သင်းသင်းဝေ(နတ်မောက်)