ကန်ကြီးထောင့် မြို့မဈေး မီးလောင်မှုဖြစ်ပွား

ကန်ကြီးထောင့် ဇွန် ၁

ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့ အမှတ် ၁ ရပ်ကွက်၊ ဈေးပိုင်းလမ်းရှိ မြို့မဈေးကြီးတွင် ယနေ့ နံနက် ၂ နာရီ ၄၀ ခန့်က မီးလောင်ကျွမ်းခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဈေးအဝင်ဝရှိ ဆိုင်ခန်းအမှတ် (၁၊၂၈) ဦးမြင့်ဆန်း၏ ကုန်စုံဆိုင်မှ မီးလောင်နေကြောင်း ဈေးစောင့်တာဝန်ကျ ဦးတင်ဝင်းက စတင် တွေ့ရှိ၍ သတင်းပေးပို့ခဲ့ရာ မီးလောင်ကျွမ်းရာနေရာသို့ တိုင်းစည်ပင်ညွှန်ကြားရေးမှူး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် မီးသတ်ဦးစီးဌာနများမှ မီးသတ်ဦးစီးမှူး နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့သူ မြို့သားများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မနက် ၄ နာရီ ၁၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၄ နာရီ ၂၅ မိနစ်တွင် မီးလုံးဝငြိမ်းသွားခဲ့သည်။

ဈေးမီးလောင်ကျွမ်းမှုကြောင့် ဈေးဆိုင်ခန်း ၁၉၃ ခန်းအနက် ၁၇၅ ခန်း မီးလောင်ခဲ့ပြီး ၁၈ ခန်းမှာ မီးမလောင်ပဲကျန်ရှိခဲ့ပါသည်။ ထို့အပြင် ဈေးအနီးနေအိမ်များ ဖြစ်သည့် အုတ်ညှပ် ၂ ထပ်တိုက် နေအိမ်တစ်လုံး၊ သွပ်မိုး ၂ ထပ် ပျဉ်ထောင်အိမ် တစ်လုံး၊ RC ၂ ထပ်တိုက်တစ်လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုးနှင့် မီးလောင်ကျွမ်းရသည့် အကြောင်းရင်းအား စိစစ်ဆဲဖြစ်ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့ မြို့မဈေးမီးလောင်မှုတွင် မီးသတ်သန္ဓေ ၆၅ ဦး၊ အရန်မီးသတ် ၄၀ ဦး၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြို့သူမြို့သားများ၊ ပုသိမ်၊ အိမ်မဲ၊ ကျောင်း ကုန်း၊ ဒါးက၊ ဘက်စုံလူမှုကူညီရေးအဖွဲ့(ပုသိမ်)တို့လာရောက် ပူးပေါင်းခဲ့ပြီး မီးငြှိမ်းသတ်ယာဉ် ၁၂ စီး၊ ရေသယ်ယာဉ် ၂ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ဇင်မာ (ကန်ကြီးထောင့် ပြန်/ဆက်)