ကော့ကရိတ် ဇွန် ၁
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့် ရရှိစေရေး အတွက် အခြေခံပညာကျောင်းများတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရေး ရက်သတ္တတစ်ပတ်အဖြစ် မေလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူများအား စတင်လက်ခံခဲ့ပြီး ဇွန်လ ၁ ရက်နေ့ နံနက် ၉ နာရီတွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်နေပြီဖြစ်ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် ကျောင်းသား ဦးရေအလိုက် စာသင်ခန်းလုံလောက်သည့်အတွက် တစ်သုတ်တက်ဖြင့်သာ စာပေသင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ စာပေသင်ကြားရာတွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများအား တစ်ဦးနှင့် တစ်ဦး ၄ ပေအကွာ နေရာချထား၍ စာပေသင်ကြားလျက်ရှိကြောင်း၊ စာသင်ခန်းတစ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူ ဦးရေ (၃၀) ဦးခန့် ထားရှိပြီး မနက် စာသင်ချိန်ကို နံနက် (၉)နာရီမှ (၁၂)နာရီအထိ ညနေ စာသင်ချိန်ကို မွန်းလွဲ (၁)နာရီမှ ၃ နာရီ ၁၅မိနစ်အထိ သက်ဆိုင်ရာ ဆရာ၊ ဆရာမများက ဘာသာရပ်များအလိုက် သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ယခုအချိန်၌ အခြေခံပညာ အထက်တန်း ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူ (၄၀)နှင့် (၅၀)ရာခိုင်နှုန်းခန့် ကျောင်းတက်လျက်ရှိကြောင်း ကော့ကရိတ်မြို့ အခြေခံပညာအထက်တန်းကျောင်းများရှိ ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
ကော့ကရိတ်မြို့နယ် အတွင်း အခြေခံပညာကျောင်း (၂၉၅)ကျောင်းရှိသည့်အနက် အခြေခံပညာအထက်တန်းကျောင်း (၈)ကျောင်း၊ အထက(ခွဲ)ကျောင်း ၁၆ ကျောင်း၊ အလယ်တန်းကျောင်း (၆)ကျောင်း၊ အလက (ခွဲ)ကျောင်း ၅ ကျောင်း၊ မူ/လွန်ကျောင်း (၁၃)ကျောင်းနှင့် မူလတန်းကျောင်း (၇၀)ကျောင်း စုစုပေါင်း(၁၁၈)ကျောင်း ဖွင့်လှစ်လျက်ရှိရာ အဆိုပါကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ပြီး စာပေသင်ကြားလျက် ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စောအောင်မျိုးလွင် (ပြန် / ဆက်)