မော်လိုက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

မော်လိုက် ဇွန် ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုတို့အား ယနေ့နံနက်ပိုင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

“ကျွန်တော်တို့ မော်လိုက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး အနေဖြင့် မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရး ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခြင်းကို မေလ ၃ ရက်နေ့က စတင်ပြီး မြို့နယ်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း(၄)ဦးတို့ဖြင့် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ မော်လိုက်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၃၀)ရှိ လူဦးရေ(၁၉၅၆)ဦးကို စာရင်းကောက်ယူချက်အရ ဆောင်ရွက်ပေးရန် လျာထားကြောင်း၊ ယခုအခါ ကျေးရွာအုပ်စု (၆)အုပ်စုမှ လူဦးရေ(၁၇၀)ဦး အတွက် ဆောင်ရွက်ပေးနိုင်ပြီဖြစ်ကြောင်း ကျန်ရှိသည့် ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ပြည်သူများ အတွက်ကိုလည်း ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ရရှိရေး ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း” မော်လိုက်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်း ပြောကြားချက် အရ သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးနေမှုအခြေအနေများအား မော်လိုက်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ် သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရာတွင် အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး မှတ်ပုံတင် မရှိသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မှတ်ပုံတင် မရှိတဲ့ ဒေသခံများ၊ လက်ရှိဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်း မရှိဘဲ အခြေချနေထိုင်ပြီး  မူလဒေသတွင် အိမ်ထောင်စု လူဦးရေ စာရင်း ရှိနေသူများ၊ မူလနေထိုင်ခဲ့သည့် ဒေသနှင့် လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့် မှတ်ပုံတင်မရှိသူများအား ဆောင်ရွက်ပေးခြင်းစသည့် အဆင့်လေးဆင့်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

မော်လိုက်သားလေး