မုံရွာ သြဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဇူလိုင်လအကုန်အထိ ငွေကျပ် (၆၈၄.၀၄)သန်း ဆုံးရှုံးခဲ့သည့် မီးလောင်မှု(၁၉၀)ကြိမ် ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး၏ ပြောကြားချက် အရ သိရသည်။
“မီးလောင်မှု ဖြစ်ပွားရခြင်းနဲ့ ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ လိုက်လာရမဲ့ အခြေအနေ အတိုင်းအတာကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်က အမြဲတမ်းညွှန်ကြားထားတယ်၊ တိုင်းဒေသကြီးအဆင့်ကလည်း အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်တယ်၊ ပြည်သူတွေ အတွက်လည်း ရှောင်ရန်/ဆောင်ရန် အချက်တွေကို လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတယ်၊ ကိုဗစ်-၁၉ ကာလမှာ လူစုလူဝေးနဲ့ လုပ်ရတဲ့ ဟောပြောပွဲတွေ မလုပ်ဘဲ တစ်အိမ်တက်ဆင်း စစ်ဆေးတာတွေ၊ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေ လုပ်ဆောင်ပေးနေတယ်၊ ပြည်သူတွေ အနေနဲ့ အိမ်သုံးမီးဘဲဖြစ်ဖြစ်၊ လျှပ်စစ်မီးဘဲဖြစ်ဖြစ် သုံးစွဲပြီးတာနဲ့ စနစ်တကျငြိမ်းသတ်မယ်၊ လျှပ်စစ်မီးဆိုရင်လည်း အပြင်တွေ သွားမယ်ဆိုရင် မိန်းခလုတ်တွေကို ချခဲ့မယ်ဆိုရင် မီးဘေးအန္တရာယ် လျော့ပါးသွားမှာဖြစ်ပါတယ် ”ဟု စစ်ကိုင်းတိုင်းဒေသကြီး မီးသတ် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မီးလောင်မှုများတွင် ပေါ့ဆမီးကြောင့် လောင်ကျွမ်းမှု (၄၅)ကြိမ်၊ မီးဖိုမီးကြောင့် လောင်ကျွမ်းမှု (၄၆)ကြိမ်၊ လျှပ်စစ်မီးကြောင့် လောင်ကျွမ်းမှု (၃၈)ကြိမ်၊ ရှို့မီးကြောင့် လောင်ကျွမ်းမှု (၃၈)ကြိမ်၊ အလို အလျောက် လောင်ကျွမ်းမှု (၄)ကြိမ်၊ တောမီးကြောင့် လောင်ကျွမ်းမှု (၁၇)ကြိမ်၊ မိုးကြိုးမီးကြောင့် လောင်ကျွမ်းမှု (၂)ကြိမ်း စုစုပေါင်း မီးလောင်ကျွမ်းမှု (၁၉၀)ကြိမ်ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)