စေတုတ္တရာမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စနစ်တကျစတင်ဖွင့်လှစ်သင်ကြားပေး

စေတုတ္တရာ    ဇွန် ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ ကျောင်း များအား ယနေ့နံနက် (၉)နာရီအချိန်ကစတင်ကာ   ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများ နှင့်အညီ စနစ်တကျ စတင်ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်း များနှင့်အညီ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပါးစပ် နှာခေါင်းစည်း(Mask)နှင့် မျက်နှာအကာ (Face Shield)များကို စနစ်တကျတပ်ဆင်စေခြင်း၊ ကျောင်း အဝင်တွင် လက်ဆေးဘေလ်စင်များထားရှိပေးပြီး လက်ဆေးစေခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာတွင် ထိုင်စေခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့် အညီ စနစ်တကျ ဖွင့်လှစ် သင်ကြားပေး လျက်ရှိသည့်အပြင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံဘေး ကင်းစွာဖြင့် စိတ်အေး ချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း အားလုံးတွင် လုံခြုံရေးများ စနစ်တကျ စီမံဆောင်ရွက်ထားရှိကြောင်းသိရသည်။

စေတုတ္တရာမြို့နယ်အတွင်း အခြေခံပညာကျောင်း(၁၁၂)ကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အထက်တန်း ကျောင်းသား၊ ကျောင်းသူ (၈၈၈)ဦး၊ အလယ်တန်းကျောင်းသား၊ ကျောင်းသူ(၂၆၁၄)ဦးနှင့် မူလတန်း ကျောင်းသား၊ ကျောင်းသူ (၃၇၀၆)ဦး စုစုပေါင်း (၇၂၀၈)ဦးတက်ရောက်လျက်ရှိကြောင်းနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအားလုံးတွင်ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စနစ် တကျ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။           

ခင်သန်းလှိုင်