ကော့သောင်း ဇွန် ၁
အခြေခံပညာကျောင်းများအား ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၌ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့် ရရှိစေရေးအတွက် ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကော့သောင်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာ ကျောင်းအသီးသီးတွင် လာရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့၏ အခြေခံပညာအထက်တန်းကျောင်းများဖြစ်သည့် အမှတ်(၁)အထက၊ အမှတ်(၂) အထက ရွှေမင်းဝံအထကခွဲနှင့် အဏ္ဏဝါအထကခွဲကျောင်းအပါအဝင် ကျောင်းအသီးသီးတွင် (၅)နှစ် အရွယ် ကလေးများကို သူငယ်တန်း၊ (၆)နှစ်အရွယ် ကလေးများကို ပထမတန်းတို့တွင်လည်းကောင်း ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်း၊ ဒဿမတန်းတို့ကို (သင်ရိုးသစ်)နှင့် သတ္တမတန်း၊ အဌမတန်း၊ ဒသမတန်းတို့ကို (သင်ရိုးဟောင်း) တို့ဖြင့် သင်ကြားလျက် ရှိကြောင်း သိရသည်။
“ဒီကနေ့ ကျောင်းစဖွင့်တာဖြစ်လို့ ပထမဆုံးရက်ဆိုတော့ ကျောင်းလာတက်တဲ့ ကျောင်းသား ကျောင်းသူ အနည်းငယ်ပဲရှိပါသေးတယ်၊ ကျောင်းလာအပ်ထားတဲ့ အရေအတွက်ထက်တော့ ကျောင်းလာတက်တဲ့အရေအတွက်ကနည်းတာပါ၊ အချို့ကလည်း ခွင့်တိုင်ထားတာလည်းရှိပါတယ်၊ နောက်ရက် နောက်ရက်တွေမှာတော့ ပိုပြီးများလာပါလိမ့်မယ်၊ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေ အရ ကျောင်းသားမိဘတွေက စိုးရိမ်မှုအနည်းငယ်တော့ ရှိနေပုံရတယ်၊ ကျနော်တို့ကျောင်းအနေနဲ့တော့ ပညာသင်ကြားမဲ့ ကျောင်းသား/သူတွေကို လုံခြုံမှု အပြည့်အဝပေးတဲ့ အစီအမံတွေဆောင်ရွက်ထားတာ ဖြစ်လို့ စိုးရိမ်စရာတော့မရှိဘူး၊ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့တော့ ရောဂါကာကွယ် တားဆီးရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ သင်ကြားနေတာပါ” ဟု အထက(၁)ကော့သောင်းက ကျောင်းအုပ်ဆရာကြီး ဦးကျော်ငွေက ပြောသည်။
ကျော်စိုး(ကော့သောင်း)