​တောင်ငူမြို့နယ်၌ အ​ခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

တောင်ငူ ဇွန် ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ အခြေခံပညာကျောင်းများကို ယနေ့မှစတင်၍ ဖွင့်လှစ်ကာ ကျောင်းသား၊ ကျောင်းသူများ ပညာတက်ရောက်သင်ကြားလျက်ရှိကြောင်း ခရိုင် ပညာရေးမှူးရုံးမှ သိရသည်။

တောင်ငူမြို့နယ်အတွင်း အခြေခံပညာကျောင်းများ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စီစဉ် ဆောင်ရွက်ထားရှိပြီး ကျောင်းများအတွင်း ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန် လက်ဆေးရန်နေရာများ စီစဉ်ထားခြင်း၊ တစ်ဦးနှင့်တစ်ဦး လေးပေအကွာအဝေးဖြင့် ပညာသင်ယူစေခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ငူမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ (၁၆၉၄၁)ဦးရှိပြီး အ.ထ.က (၁၅) ကျောင်း ၊ အ.ထ.က ခွဲ (၇ ) ကျောင်း ၊ အ.ထ.က (တွဲ) (၃) ကျောင်း၊ အ.လ.က (၁၃) ကျောင်း၊ အ.လ.က (ခွဲ) (၂၁) ကျောင်း၊ မူလွန် (၁၂၆) ကျောင်း၊ အ.မ.က (၅)ကျောင်း၊ အ.မ.က ခွဲ (၅) ကျောင်း၊ စုစုပေါင်း ကျောင်းပေါင်း (၁၉၅) ကျောင်းရှိ​ပြီး ဆရာ၊ ဆရာမ (၁၅၅၁)ဦးဖြင့် သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင်ကျောင်းသား၊ ကျောင်းသူများ ဘေးကင်းလုံခြုံစွာ ကျောင်းတက်နိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေး ကောင်စီနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းတွင်း/ကျောင်းပြင် ပတ်ဝန်းကျင် လုံခြုံရေးအတွက် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက ဆောင်ရွက် ပေးလျက်ရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်(ပြန်/ဆက်)