လေးမျက်နှာမြို့နယ်တွင် ဒေါက်တာကျော်စိန် ရေးသားသည့် ဘဝတွင်အောင်မြင်ပျော်ရွှင်သူတို့၏ လျှို့ဝှက်ချက် ၁၀၀ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

လေးမျက်နှာ ဇွန် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်၌ လူငယ်များ စာဖတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်၊ စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိူးကျေးဇူးများကို သိရှိစေလိုသော ရည်ရွယ်ချက်ဖြင့် စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားသည့် ဘဝတွင် အောင်မြင်ပျော်ရွှင်သူတို့၏ လျှို့ဝှက်ချက် ၁၀၀ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ဆရာဦးခင်ဇော် (Youth Club ဥက္ကဋ္ဌ)မှ ‘‘သင့်ဘဝသည် ရည်မှန်းချက်နှင့် အဓိပ္ပာယ်ရှိဖို့လိုပါသည် ခေါင်းစဉ်ဖြင့် သင့်ဘဝတွင် သင်သည် ဇာတ်ရံမဟုတ်ဘဲ အဓိက ဇာတ်ကောင်ဖြစ်တယ်ဆိုတာ သတိပြုရမည်။ လောကတွင် သင်သာမရှိခဲ့ရင် သင်နေခဲ့သောအရပ်၊ သင်သိကျွမ်းခဲ့သော လူများအဖို့ တစ်မျိူးတစ်ဖုံ ခံစားရမည် ဖြစ်ကြောင်း၊ ကျွန်တော်တို့အားလုံးသည် လောကီသားများဖြစ်ကြ၍ အချင်းချင်းဆက်စပ်မှုရှိပြီး တခြားသူများ၏ ဆုံးဖြတ်ချက်များ၊ ဖြစ်တည်မှုများသည် ကျွန်ုပ်တို့နှင့်အပြန်အလှန် အကျိူးသက်ရောက်မှုရှိကြောင်း’’ ဆွေးနွေး ပါသည်။

ဆက်လက်၍ မစိမ့်သီရိဇော် (Youth Club အဖွဲ့အတွင်းရေးမှူး)မှ ပျော်ရွှင်မှုအတွက် နည်းဗျူဟာသုံးပါ ခေါင်းစဉ်ဖြင့် ‘‘လူတိုင်းသည် မွေးကတည်းကပင် ပျော်ရွှင်သူများ၊ မပျော်ရွှင်သူများအဖြစ် မွေးဖွားလာခဲ့ကြသည်ဟု ကျွန်မတို့ ထင်မြင်ယူဆတတ်ကြကြောင်း၊ ပျော်ရွှင်သူရော မပျော်ရွှင်သူတို့ပါ သူတို့၏ယာယီစိတ်နေကို ဖန်တီး အားဖြည့်ပေးသော အပြုအမူ တို့ကို ပြုမူတတ်ကြကြောင်း၊ ပျော်ရွှင်သူများက ပျော်ရွှင်စွာပြုမှုပြောဆိုကြ၍ မပျော်ရွှင်သူများကမူ သူတို့ကို စိတ်မချမ်းသာစေမည့် အပြုအမူများကိုသာ ပြုမူတတ်ကြကြောင်း ဆွေးနွေး ပါသည်။

ထို့နောက် တက်ရောက်လာကြသော စာပေချစ်ပရိတ်သတ်များ၊ စာပေဝါသနာရှင်များမှ သိရှိလိုသည်များကို မေးမြန်းကာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

စာဖတ်ဝိုင်းသို့ လေးမျက်နှာမြို့နယ်အတွင်းရှိ စာပေချစ်ပရိတ်သတ်များ၊ စာပေဝါသနာရှင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

လေးမျက်နှာ(ပြန်/ဆက်)