မိုင်းဖြတ်မြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူ​ဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပ

 

မိုင်းဖြတ်  ​ဇွန်   ၁

 

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူ​ဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ​ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က ​ ​ထေရဝါဒ ဗုဒ္ဓသာသနာပြု(ဗဟို)​ကျောင်း ရှိ မင်္ဂလာသီရီ​ကျောင်း​ဆောင်၌ ကျင်းပပြုလုပ်သည်။

​ 

ရှေးဦးစွာ သံဃာတော်အရှင်သူမြတ်များနှင့် ပရိတ်သတ်များက န​မောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်​တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့​နောက်   ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)​ ကျောင်းဆရာ​တော် (မဟာသဒ္ဒမ္မ ဇောတိကဓဇ) ဦးနန္ဒောဘာသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ပြီး သံဃာတော် အရှင်သူမြတ်တို့က မေတ္တာသုတ်ပရိတ်တရားတော်ကို ချီးမြှင့်တော်မူသည်။ ယင်းနောက် (မဟာသဒ္ဒမ္မ ဇောတိကဓဇ) ဦးနန္ဒောဘာသက လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်ချ အနုမောဒနာတရား ဟောကြားတော်မူခဲ့ပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

 

ဆက်လက်၍ အရှင်သူကုမာရ ဆရာတော်မှ  ပဋ္ဌာန်းတရားလာရောက်နာယူကြသော သမ္မဒေဝ နတ်ကောင်း နတ်မြတ်၊ နတ်ဗြဟ္မာအပေါင်းတို့အား ပြန်လည်ပို့ဆောင်တော်မူခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သံပြိုင်သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပြီး နေ့လည်၁၁နာရီအချိန်တွင် သံဃာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ မြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို မေလ ၂၇ ရက်နေ့ နံနက်မှစ၍ မေလ ၃၁ရက်နေ့ နံနက် ၈နာရိအထိ ငါးရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်ခဲ့ကြောင်းသိရသည်။

 

​​သန်းထွန်းအေး(ပြန်/ဆက်)