မြိတ် ဇွန် ၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၂၀၂၁-၂၂ ပညာသင်နှစ် ကျောင်းများ ဖွင့်လှစ်ရန် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး အတွက် ကျောင်းများ လုံခြုံရေး ဆောင်ရွက်ထားမှုများအား မေလ(၃၁)ရက် နေ့လယ်ပိုင်းက မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ လိုက်လံစစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေး ဆောင်ရွက်ရာတွင် စာသင်ကျောင်းများအလိုက် ဆရာ/မများနှင့် ကျောင်းသား/သူများ သင်ကြားသင်ယူမှု ကြိုတင်ပြင်ဆင်ထားရှိမှု၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေး ကျောင်းအတွင်း ကျောင်းအပြင် လုံခြုံရေးများ ဆောင်ရွက်ထားရှိမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက အထက်တန်းကျောင်းများအား လိုက်လံစစ်ဆေးခဲ့ကြသည်။
မြိတ်မြို့နယ်တွင် အထက်တန်းကျောင်း(၁၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၃)ကျောင်း၊ အလယ် တန်း ကျောင်း(၁၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၉)ကျောင်း၊ မူလတန်းလွန်ကျောင်း(၂၄)ကျောင်း၊ မူလတန်းကျောင်း (၇၂)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၉) ကျောင်းရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)