ဟားခါး မေ ၃၁
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့၌ ယမန်နေ့ ည ၁၁ နာရီခွဲအချိန်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ကျီခါးမြို့ တိုက်နယ်ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသော အသက်(၃၈)နှစ် အရွယ်ရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးသည် ယမန်နေ့ည ၁၁ နာရီခွဲတွင် ရုတ်တရက် အသက်ရှူရပ်ပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး သေဆုံးချိန်တွင် ကိုယ်ဝန်(၈)လခန့်ရှိကြောင်း သိရသည်။
လက်ရှိတွင် တွန်းဇံမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ လူနာ အမျိုးသား(၁၂)ဦးနှင့် အမျိုးသမီး(၁၅)ဦး၊ ကျီခါးမြို့တိုက်နယ်ဆေးရုံတွင် အမျိုးသား(၁၄)ဦးနှင့် အမျိုးသမီး(၁၆)ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားသည့် တွန်းဇံမြို့နှင့် ကျီခါးမြို့ရှိ ဆေးရုံများအတွက် လိုအပ်သည့် ဆေးပစ္စည်းနှင့် ကာကွယ်ရေးပစ္စည်းများကို ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထောက်ပံ့ဆောင်ရွက် ပေးလျက်ရှိသည်။
ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ မေ ၂၈ ရက်စွဲပါ အမိန့်အမှတ်၊ ၁၁၆/၂၀၂၁ ဖြင့် မိမိနေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)