ကော့ကရိတ်မြို့၌ ရာသီစာဖြစ်သည့် အင်ဥများရောင်းချရာတွင် စျေးကောင်းရရှိ

ကော့ကရိတ် မေ ၃၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ရှိ ကမ္မရာ၊ ဆိတ်ဖူးကုန်းနှင့် တံတားကျိုး ကျေးရွာတို့တွင် ထွက်ရှိသော ရာသီစာဖြစ်သည့် အင်ဥများ စျေ ကောင်းရရှိသည့်အတွက် ကော့ကရိတ်မြို့မဈေးတွင် ခင်းကျင်းရောင်းချသူများ အနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့ရှိ ကမ္မရာ၊ ဆိတ်ဖူးကုန်းနှင့် တံတားကျိုးစသည့် ကျေးရွာများတွင် သဘာဝ အလျောက် အင်ပင်များ ပေါက်ရောက်လျက်ရှိပြီး မိုးရာသီကာလတွင်သာ အင်ဥများ ထွက်ရှိရာ ကျေးရွာနေပြည်သူများ အနေဖြင့် ငွေအရင်းအနှီး စိုက်ထုတ်စရာမလိုဘဲ ရှာဖွေကြရာ လူတစ်ဦးအနေဖြင့် တစ်ရက်လျှင် အင်ဥ နို့ဆီဗူး (၅၀)ဘူးမှ (၁၀၀)ဘူးအထိ ရှာဖွေရရှိနေကြောင်း သိရသည်။

အင်ဥတွင် အင်ဥချောနှင့် အင်ဥကြမ်းဟူ၍ နှစ်မျိုးရှိပြီး အင်ဥချောမှာ စားသုံးသူများ ပိုမိုကြိုက်နှစ် သက်သည့်အတွက် အင်ဥကြမ်းထက်ပို၍ စျေးကောင်းရရှိကြောင်း၊ ယမန်နှစ်က အင်ဥချော နို့ဆီဘူးတစ်ဘူးလျှင် ငွေကျပ် ၇၀၀ မှ ၈၀၀ အထိသာ စျေးရရှိပြီး၊ ယခုနှစ်တွင် အင်ဥကြမ်း နို့ဆီဘူးတစ်ဘူးလျှင် ငွေကျပ် ၁၀၀၀အထိ စျေးရရှိနေပြီး၊ အင်ဥချော နို့ဆီဘူးတစ်ဘူးလျှင် ငွေကျပ် ၁၈၀၀မှ ၂၀၀၀အထိ စျေးကောင်းရရှိသည့်အပြင် ဝယ်ယူစားသုံးသူ များပြားသည့်အတွက် နေ့စဉ်အရောင်းသွက်လျက်ရှိကြောင်း ကော့ကရိတ်မြို့မဈေး၌ အင်ဥခင်းကျင်းရောင်းချနေသူ တစ်ဦးထံမှ သိရသည်။

စောအောင်မျိုးလွင်