မြဝတီ မေ ၃၁
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို မြဝတီမြို့၊ အမှတ်(၁၀၂၂)နယ်ခြားစောင့်တပ်ရှိ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
ပေးအပ်ပွဲတွင် မြဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးရဲဇင်လတ်က ယခုကဲ့သို့ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ရခြင်းနှင့်ပတ်သက်ပြီး အမှာစကားပြောကြားသည်။
ထို့နောက် မြဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးရဲဇင်လတ်၊ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးထွန်းတို့က အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ပေးအပ်သည်။
ထိုသို့ ပြုလုပ်ပေးခြင်းကို မြဝတီမြို့၊ အမှတ်(၁၀၂၂)နယ်ခြားစောင့်တပ်ရှိ တပ်ဖွဲ့ဝင်များ၊ တပ်ဖွဲ့ဝင် မိသားစုများအတွက် အိမ်ထောင်စုလူဦးရေစာရင်း ၁၄၆ စောင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၃၄ ကတ်အား ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)