ကြာအင်းဆိပ်ကြီး မေ ၃၁
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော အစိုးရပါဠိပထမပြန်စာမေးပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၅)ရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာကြွရောက်လာတော်မူကြသည့် ဆရာတော်များနှင့် တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဟန် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ဒါယကာ ဒါယိကာမများမှ အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆရာတော်ကြီးများအား လျှောက်ထားမေးမြန်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌမှ အလှူငွေများရရှိရေးနှင့် အထွေထွေလုပ်ငန်းညှိနှိုင်းဆွေးနွေး
ခြင်းများ၊ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်အသီးသီးခွဲဝေခြင်းများကို စီမံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါအစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန်လ(၇)ရက်နေ့မှ ဇွန်လ(၁၃)ရက်နေ့အထိ နေ့စဉ်မွန်းတည့် ၁၂ နာရီအချိန်မှ ညနေ ၃ နာရီအချိန်အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၅) ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ မြို့လယ်ဓမ္မာရုံစာစစ်ဌာနတွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးမင်းဦး