ဇီးကုန်း မေ ၃၁
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် ယနေ့နံနက် ၁၀ နာရီက တွေ့ဆုံ၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်အောင်က အမှာစကား ပြောကြားရာတွင် မြို့နယ်အတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နေသလို တစ်ဖက်ကလည်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း လျှင်လျှင်မြန်မြန် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်ဒေသများ၏ စိုက်ပျိုး-မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများကို အင်တိုက်အားတိုက် ဆောင်ရွက်ကြရန်၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြရန် ပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့အဖွဲ့ဝင် ဗိုလ်မှူးအာကာဖြိုးက ဒေသတွင်းတည်ငြိမ်အေးချမ်းရေး လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ လုံခြုံရေးနှင့်ပတ်သက်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုများကို အကောင်အထည် ဖော်ဆောင်ရွက်ရန် တို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်မီးလင်းရေး လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက် ကျေးရွာ(၃၄)အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေး စာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)