ပွင့်ဖြူ မေ ၃၁
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို မေလ ၃၁ ရက်၊ ယနေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးတွင် ကျင်းပသည်။
အခမ်းအနားတွင် ပွင့်ဖြူမြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေး က ကျောင်းအပ်နှံရေးအစီရင်ခံစာအား ဖတ် ကြားရှင်းလင်းပြီး ၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းနှင့် ကိုဗစ် - ၁၉ ရောဂါ ကင်းဝေးစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေး ဆိုင်ရာညွှန်ကြားချက်များကို အထူးဂရုပြု လိုက်နာဆောင်ရွက်ကြရန်နှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ပြေငြိမ်း က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အေးချမ်းစွာ ဖွင့်လှစ်နိုင်ရေး ကျောင်းဝန်းကျင်လုံခြုံရေး စီမံဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးနွေဝင့်ကျော် က တက်ရောက် လာသည့် ဆရာ ၊ ဆရာမများအနေဖြင့် ကျောင်းအပ်နှံရေးနေ့သီတင်းပတ်အတွင်း ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေး ကြိုးပမ်းဆောင် ရွက်ရန်တို့ကို ဆွေးနွေးပြောကြားသည်။
အဆိုပါ ကျောင်းအပ်နှံရေး အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးနှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )