၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တနင်္သာရီတိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ထားဝယ် မေ ၃၁
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တနင်္သာရီတိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က ကိုဗစ်-၁၉ ရောဂါကြောင့် စာသင်ကျောင်းများအားလုံး ပိတ်ထားခဲ့ရပြီး စာသင်နှစ် တစ်နှစ်နောက် ဆုတ်လိုက်ရသည့် အတွက် ကျောင်းနေအရွယ် ကလေးအားလုံး အသိပညာ/အတတ်ပညာများ ရယူရေး (၁)နှစ် နောက်ကျ ဆုံးရှုံးသွားရသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ယခု ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှ ပြန်လည်ဖွင့်လှစ် နိုင်သည်ကို မိဘပြည်သူများအနေဖြင့် မိမိတို့၏ ရင်သွေးသားသမီးများအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်နေရ သည်ကို သိရှိရကြောင်း၊ ကလေးပျော်ကျောင်း၊ ဆရာပျော်ကျောင်းဖြစ်စေရေးအတွက် ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး၊ လုံခြုံဘေးကင်းရေး၊ အေးချမ်းစွာ ပညာသင်ကြားခွင့် ရရှိစေရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက် နှင့်အညီ အစိုးရ၊ ပြည်သူ ပူးပေါင်းပါဝင် တာဝန်ယူကြရန် တိုက်တွန်းလိုကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီး၏ အနာဂတ်သမိုင်း ဖန်တီးရှင် ဗိသုကာလောင်းများ ဖြစ်ကြသော လူငယ်လူရွယ်များ စာသင်ခန်းထဲ အမြန်ရောက်ရှိ သင်ယူနိုင်ရန် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူနိုင်ဖို့ ကျောင်းအပ်နှံကြပါစို့ဟု တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးပညာရေးမှူး ညွှန်ကြားရေးမှူး ဦးဖြူဝင်းက ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင် များက ကျောင်းသား/ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနက ထောက်ပံ့သည့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်၊ စာရေးကိရိယာ၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ ပေးအပ်သည်။
အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သတင်း ရရှိသည်။
ထားဝယ် (ခရိုင်ပြန်/ဆက်)