ဧရာဝတီတိုင်းဒေသကြီး၊ တရားလွှတ်တော်တရားသူကြီး အကျဉ်းထောင်စစ်ဆေး

ဖျာပုံ   မေ  ၃၁

ဧရာဝတီတိုင်း‌ဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်မိုးမိုးအေးသည် ဖျာပုံခရိုင် တရားသူကြီး ဒေါ်သူဇာအေး ၊ မြို့နယ်တရားသူကြီး ဒေါ်မွန်ရည်အေး ၊ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ဝင်းတို့နှင့်အတူ ယနေ့ နံနက်(၈)နာရီအချိန်က ဖျာပုံအကျဉ်းထောင် နှင့် ဖျာပုံမြို့မရဲစခန်း တို့အား သွားရောက်စစ်ဆေးခဲ့ပါသည်။

ဖျာပုံခရိုင်အကျဉ်းဦးစီးဌာနမှ ဖျာပုံအကျဉ်းထောင်မှူး ဦးဘိုဌေးက အကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျခံနေရသူများ ၊ အချုပ်ကျနေသူများ၏ ကျန်းမာရေး၊နေထိုင်စားသောက်မှု ၊ သောက်သုံးရေ ရရှိမှု အခြေအနေတို့အား ရှင်းလင်းတင်ပြသည်။

ထို့နောက် ဧရာဝတီတိုင်း‌ဒေသကြီး တရားလွှတ်တော်တရားသူကြီးနှင့်အဖွဲ့သည် အကျဉ်းထောင် အတွင်း အကျဉ်းကျခံနေရသူ၊ အချုပ်ကျနေသူများ၊ နေထိုင်သည့်အဆောင်များ၊ ဆေးပေးခန်း၊ စားဖိုဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း၊ အကျဉ်းကျနေသူ၊ အချုပ်ကျနေသူများကိုလည်း နေရာထိုင်ခင်း သက်တောင့်သက်သာရှိ/မရှိ ကျန်းမာရေးမကောင်းပါက ဆေးကုသခွင့်ရ/မရ ၊ ညှဉ်းပန်း နှိပ်စက်ခံရမှုရှိ/မရှိ၊ အစားအသောက်အာဟာရစားသုံးရမှုအခြေအနေ ဥပဒေနှင့် အညီရသင့်ရထိုက် သည့် အခွင့်အရေးများ ရ/မရ ကိစ္စများနှင့်ပတ်သက်၍ မေးမြန်းခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ဧရာဝတီတိုင်း‌ဒေသကြီး တရားလွှတ်တော်တရားသူကြီးနှင့် အဖွဲ့သည် ဖျာပုံမြို့မရဲစခန်းနှင့် ဖျာပုံခရိုင်အတွင်းရှိ ဘိုကလေးမြို့မရဲစခန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ဦးအောင်ဝင်းနိုင်