ကော့သောင်း မေ ၃၁
ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ ဗဟိုလမ်း နေအိမ်တစ်ဆောင်မှ အိမ်သုံးဓာတ်အားပေး စက်ပြင်ဆင်ရာမှ ဝါယာရှော့ဖြစ်ကာ ယမန်နေ့ မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကော့သောင်းမြို့၊ ပိတောက်ရွှေဝါရပ်ကွက်၊ ရွှေမင်းဝံ၊ ဗဟိုလမ်း GMG ကုမ္ပဏီပိုင် နေအိမ် တစ်ဆောင်တွင် အသုံးပြုသည့် ဓာတ်အားပေးစက်အား ပြင်ဆင်ရာမှ ဗစ်ထရီမှတစ်ဆင့် ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းရာ ဓာတ်အားပေးစက်အပါအဝင် ဓာတ်အားပေးစက် အဆောင်အမိုး ထုတ်တန်းများ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ် ဖြစ်ပွားရာသို့ အနီးအနားပြည်သူများက မီးသတ်ဦးစီးဌာနသို့ အချိန်မီ အကြောင်းကြားနိုင်ခဲ့ရာ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ဦးစီးမှူး ဦးအောင်ငြိမ်းဦးနှင့် မီးသတ်တပ်ဖွဲ့ ဝင်များ၊ မီးငြှိမ်းသတ်ယာဉ်များ လာရောက်ငြှိမ်းသတ်ခဲ့ရာ မိနစ်(၂၀)ခန့်အကြာတွင် အနီးအနား နေအိမ်များသို့ ကူးစက်လောင်ကျွမ်းမှုမရှိ ငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ လျှပ်စစ်ဓာတ်အားပေးစက်တစ်လုံး မီးလောင်ပျက်စီးခဲ့ရပြီး မီးလောင် ကျွမ်းမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့သည့် ပိုင်ရှင်အား မြို့နယ်မီးသတ်ဦးစီးဌာနမှ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)