ပဲခူးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

သာယာဝတီ မေ ၃၁
ပဲခူးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးသည် ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ သာယာဝတီမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂) ဦးတင်ဦးနှင့်အဖွဲ့သည် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စည်ပင်ကော်မတီဝင်များနှင့် တွေ့ဆုံရာတွင် လက်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့ဆက်သွားမည့် Road Map (၅)ချက်ကိုလည်းကောင်း၊ မြို့သန့်ရှင်းသာယာလှပရေး၊ ဒေသဖွံ့ဖြိုရေး လုပ်ငန်းဆောင်ရွက်မှုများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သာယာဝတီခရိုင် ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးကုသမှုခံယူနေသော လူနာများနှင့် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ထားရှိသည့် အမှတ်(၂)ကျောင်းလမ်းအား ကြည့်ရှုစစ်ဆေးပြီး ရေမြောင်းများ ရေစီးရေလာကောင်းရေးနှင့် လိုအပ်သည်များကို မှာကြားကာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)